Skip to main content

လူငယ်ကဏ္ဍ တိုးတက်စေကြောင်း . . . 

ရွှေညာသူ(စက်မှု)

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှစတင်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ လူငယ်ရေးရာမူဝါဒဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ်အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်မည့် မဟာဗျုဟာလမ်းညွှန်ချက်များကို နိုင်ငံတော်နှင့်သက်ဆိုင်သူများအားလုံးက သန္နိဋ္ဌာန်ချဆောင်ရွက်နိုင်ရန် လိုအပ်သောအရင်းအမြစ်များ၊ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို စနစ်တကျဖော်ညွှန်းထားသော မူဘောင်တစ်ခုဖြစ်ပါသည်။

ထိုသို့ ရေးဆွဲရာတွင် လူငယ်တွေ့ဆုံဆွေးနွေးပွဲများအား လူငယ်များကိုယ်တိုင် တက်ကြွစွာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအသီးသီးတွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏စကားသံကို ကိုယ်စားပြုသော အကြံပြုချက်များ၊ တောင်းဆိုချက်များအား ခြုံငုံထည့်သွင်းထားပါသည်။

လူငယ်ရေးရာမူဝါဒကိုအခြေခံ၍ လူငယ်များသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဖြစ်ပြီး လူငယ်ထုအတွင်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးမည့် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အသားပေးဆောင်ရွက်နိုင်ရန်အတွက် ယခင်ဖွဲ့စည်းထားသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်ရေးရာမူဝါဒနှင့်အညီ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစ၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနဟု သီးခြားခွဲပြီး ဖွဲ့စည်းပေးခဲ့သည်။ သို့နှင့် လူငယ်ရေးရာဦးစီးဌာနသည် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် တိုးတက်ပြောင်းလဲလာရာ ဆက်လက်ပြီး လူငယ်ကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါသည်။

လူငယ်ရေးရာဝန်ကြီးဌာနသည် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ပေါ်လာစေရန် လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် လူငယ်စာပေစကားဝိုင်းများ၊ လူငယ်အသိပညာပေး ဟောပြောပွဲများ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများ၊ လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်ဖိုရမ်များကို နေရာဒေသအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ကျင်းပပေးလျက်ရှိပါသည်။

ထိုကဲ့သို့ လူငယ်များအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များ စွမ်းဆောင်ရည်ပြည့်ဝပြီး နိုင်ငံတော်၏အားထားရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူငယ်များပေါ်ထွန်းလာစေမည်ဖြစ်ပါသည်။ ယခုနှစ်အတွင်း လူငယ်အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အသိပညာများကို အချင်းချင်းအပြန်အလှန်ဖလှယ်နိုင်ခဲ့သည်မှာ လူငယ်စကားဝိုင်းများကို ကျင်းပပေးခဲ့သည့်ရလဒ်များပင် ဖြစ်ပါသည်။

လူငယ်ရေးရာဝန်ကြီးဌာနသည် နှစ်စဉ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပဆောင်ရွက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ကုလသမဂ္ဂနှင့် ပူးပေါင်းပြီးကျင်းပခဲ့သည့် ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ညီလာခံအကြံပြုချက်အရ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အဖြစ် သတ်မှတ်ပေးခဲ့သည့်အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကျင်းပပြုလုပ်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်တွင် ၂၆ ကြိမ် ရှိခဲ့လေပြီ။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်ရေးရာဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို စတင်ကျင်းပခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်တွင် လေးကြိမ် ကျင်းပပြီးစီးပြီဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်ကိုရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်နိုင်ခဲ့သည်။ လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းပေးထားပြီးဖြစ်ပါသည်။

 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များကို အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုပညာရပ်များကို စနစ်တကျလေ့ကျင့် သင်ကြားပေးရန် လွန်စွာအရေးကြီးသည်ဖြစ်၍ အနာဂတ်မျှော်မှန်းချက် အလားအလာများနှင့် ပြည့်ဝနေသည့် လူငယ်များ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် အခန်းကဏ္ဍများကိုလည်း မြှင့်တင်ပေးလျက်ရှိပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် လူငယ်များ၏ စွမ်းရည်၊ အသိဉာဏ်နှင့် စိတ်ဓာတ်အဆင့် အတန်းပေါ်တွင် မူတည်လျက်ရှိပါသည်။ မှန်ကန်သည့် အတွေးအခေါ်၊ ဉာဏ်ပညာဗဟုသုတ၊ ဆင်ခြင်တုံတရားများ ပြည့်ဝမှသာ လူမှုအသိုက်အဝန်းနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေရှိသည်ဖြစ်ရာ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးကို ဖော်ဆောင်သည့်အခါ များစွာအထောက်အကူပြုပါသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒတွင် အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာ နိုင်ငံသားများကို လူငယ်ဟုသတ်မှတ်ထားသည်။ လူငယ်ဆိုသည်မှာ အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အကောင်းအဆိုးသည် လူငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်အပေါ်တွင် မူတည်နေပါသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်လာစေရန် လိုအပ်ပါသည်။

ထိုသို့ ပူးပေါင်းပါဝင်လာနိုင်ရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လာနိုင်စေရန်၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး ပူးပေါင်းဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွန်းစေရန်၊ လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကိုကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရန်၊ လူငယ်များ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကိုအားပေးရန်၊ လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန် စသည့်မူဝါဒများကို ချမှတ်ထားပါသည်။

ထိုမူဝါဒများအရ လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်၊ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စသည့်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန်၊ လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ရေးဆောင်ရွက်နိုင်စေရန်၊ အနုပညာ၊ အားကစားလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင်ပေးရန်၊ နိုင်ငံ၏ယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစား၊ အနုပညာ၊ ယဉ်ကျေးမှုတို့နှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန် စသည့်ရည်မှန်းချက် ၇ ရပ်ကိုလည်း ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိပါသည်။

ထိုရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် လူငယ်စင်တာများဖွင့်လှစ်ပြီး လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လူငယ်စင်တာများကို ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူငယ်စင်တာဆိုသည်မှာ အနုပညာ၊ အားကစား လှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး လူငယ်အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့်နေရာဖြစ်သည်။ ထိုနေရာတွင် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များအားလုံး သွားရောက်လေ့လာသင်ယူနိုင်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုလူငယ်စင်တာများမှတစ်ဆင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုမည့် လူငယ်များအတွက် လူငယ်အကျိုးပြုပညာရပ်များ သင်ကြားပေးလျက်ရှိပြီး လူ့စွမ်းအားအရင်း အမြစ်ဆုံးရှုံးမှုမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာပေးသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်းသင်တန်း၊ ပိုက်ပြင်/ ပိုက်ဆက်သင်တန်း၊ Funcy လက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အိမ်သုံးဆပ်ပြာထုတ်လုပ်မှုသင်တန်း၊ အခြေခံကွန်ပျုတာသင်တန်း၊ အခြေခံဓာတ်ပုံပညာသင်တန်းများ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းများ စသည့်အသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖွင့်လှစ်ကျင်းပပေးလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ အနာဂတ်သားကောင်း လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် လမ်းဖွင့်ပေးထားပါသည်။

ထို့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးပရဟိတကျောင်းမှ လူငယ်များ၊ အခြေခံအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လူငယ်များ၊ တက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်းများမှ လူငယ်များကိုဖိတ်ကြားပြီး လူငယ်နှီးနှောဖလှယ်ပွဲ အစီအစဉ်များ၊ လူငယ်စကားဝိုင်းကျင်းပ၍ အမျိုးဘာသာ၊ သာသနာကို လေးစားတန်ဖိုးထားတတ်စေရန် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ မဟာသကျရံသီရပ်တော်မူ ဘုရားကြီး၊ သံဝေဇနိယလေးဌာန စသည့်နေရာများသို့ သွားရောက်ဖူးမြော်စေခြင်း၊ လူငယ်လှုပ်ရှားမှု လုပ်ငန်းများအနေဖြင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ်တို့သို့ အပန်းဖြေလေ့လာစေခြင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများနှင့် မြန်မာ့အာဇာနည်သူရဲကောင်းများအကြောင်း သိရှိနိုင်စေရန် အမျိုးသားပြတိုက်၊ တပ်မတော်စစ်သမိုင်းပြတိုက်များသို့ သွားရောက်လေ့လာသည့် လူငယ်လေ့လာရေးခရီးစဉ်များကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် လူငယ်များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် နိုင်ငံတကာသို့ စေလွှတ်သည့် အစီအစဉ်များကိုလည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတကာလူငယ်ဖိုရမ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ၊ အာဆီယံနှင့် ဒေသတွင်းလူငယ်ဖလှယ် ရေးအစီအစဉ်များ (Youth Exchange Programs) နှင့် နိုင်ငံတကာတွင်ကျင်းပသော လူငယ်ထိပ်သီးညီလာခံများသို့ မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်ခြင်းဖြင့် လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ်အမြင်များကို ပိုမိုကျယ်ပြန့်လာစေပါသည်။

နိုင်ငံတကာယဉ်ကျေးမှုနှင့် အတွေ့အကြုံသစ်များကို လေ့လာခွင့်ရရှိခြင်းသည် လူငယ်များအကြား နိုင်ငံတကာဆက်ဆံရေးကဏ္ဍကို ပိုမိုခိုင်မာစေရုံသာမက မိမိတို့နိုင်ငံ၏ ဒေသန္တရအသိပညာနှင့် ယဉ်ကျေးမှုများကို ကမ္ဘာသို့ထုတ်ဖော်ပြသခွင့်ရရှိကာ နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွက်လာစေရန် များစွာအထောက်အကူပြုလျက်ရှိပါသည်။

လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ASEAN Ministerial Meeting on Youth (AMMY)၊ Senior Officials Meeting On Youth (SOMY) ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်များအား တာဝန်ယူဆောင်ရွက်လျက်ရှိသည်ဖြစ်၍ မြန်မာလူငယ်များကို အာဆီယံဖောင်ဒေးရှင်းနှင့် မိတ်ဖက်နိုင်ငံများပူးပေါင်းပြီး နှစ်စဉ် အစီအစဉ် အမျိုးမျိုးဖြင့် ကျင်းပပေးလျက်ရှိသည့် အာဆီယံလူငယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံ ဆွေးနွေးပွဲ (ASEAN Youth Cooperation Workshop)များသို့လည်း တက်ရောက်နိုင်ရန် စေလွှတ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာလူငယ်များ တက်ရောက်ခွင့်ရသည့်အတွက် အာဆီယံ၏ လုပ်ငန်းယန္တရားများနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုပုံစံများကို လက်တွေ့လေ့လာခွင့်ရရှိခြင်း၊ အခြားနိုင်ငံမှ လူငယ်ခေါင်းဆောင်များ၊ ပညာရှင်များနှင့် နည်းပညာတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ၊ အနာဂတ်အလုပ်အကိုင်ကဏ္ဍများ၊ လူငယ်ထုအတွင်း ဉာဏ်ရည်တု (AI) နှင့် ဒီဂျစ်တယ်နည်းပညာများကို စနစ်တကျ အသုံးချနိုင်စွမ်းအားများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရရှိခဲ့ပြီး ဒေသတွင်းရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် လူငယ်များ၏ အသံနှင့်အကြံပြုချက်များကိုလည်း လူငယ်ခေါင်းဆောင်များ အချင်းချင်းအကြား မျှဝေပြောကြားနိုင်သည့် အခွင့်အရေးများရရှိစေပါသည်။

ထိုကဲ့သို့ နိုင်ငံတကာအာဆီယံဒေသတွင်း လူငယ်များအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများအပေါ် သိရှိလေ့လာခွင့်ရရှိခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ရေရှည်စီမံကိန်းအား သိရှိနားလည်ခြင်း၊ လူငယ်ကိုယ်စားလှယ်များ၏ အတွေးအခေါ်များ၊ အယူအဆများအား သိရှိလေ့လာခွင့်ရရှိခြင်း၊ ဒေသဆိုင်ရာညီညွတ်မှုကို မြှင့်တင်ပေးနိုင်ခြင်း စသည့်အားသာချက်များကို အာဆီယံလူငယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်းဖြင့် သိရှိနိုင်သောကြောင့် လူငယ်များအတွက် လွန်စွာအကျိုးကျေးဇူးရှိပါသည်။

လူငယ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်မူဝါဒတွင်ပါရှိသည့် ကလေးများအားလုံး အခြေခံအလယ်တန်းအဆင့် KG+9 အထိ ကျောင်းပညာသင်ကြားရမည်ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအထက်တန်းကျောင်း KG+12 အထိ ပညာဆက်လက်မသင်ယူနိုင်သော အထူးအလေးပေးရမည့် ကျောင်းနေအရွယ် ကျောင်းပြင်ပရောက် ကလေးများအုပ်စုတွင် ပါဝင်သည့် ကျောင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရေးနှင့် ၎င်းလူငယ်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သတ်မှတ် လူဦးရေနှုန်းထားအတိုင်း တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လူငယ်ဦးရေ ၁၅၀ အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း ၂၀၂၅-၂၀၂၆ ကိုလည်း ဖော်ဆောင်လျက်ရှိသကဲ့သို့ နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်သည့် လူငယ်ရေးရာအဖြာဖြာ ကဏ္ဍပေါင်းစုံမြှင့်တင်ရေး ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် လိုက်နာစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပေးပြီး လူငယ်များ၏ ထင်မြင်ချက်၊ ယူဆချက်၊ အကြံပြုချက်များကိုနားစွင့်၍ လူငယ်များ၏ လိုအပ်ချက်များပြည့်စုံစေရန်အတွက် လိုအပ်သည့်အရင်းအမြစ်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါသည်။

ဤကဲ့သို့ လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာနိုင်ငံ လူငယ်ရေးရာအဖြာဖြာ ဆောင်ရွက်ချက်များ ကိုသိရှိလိုပါက Facebook စာမျက်နှာပေါ်ရှိ @informationyouth13. သို့ ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ လူငယ်ရေးရာဝန်ကြီးဌာနသည် လူငယ်များ၏အားကိုးအားထားရာ လူငယ်ကဏ္ဍ ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ရာ ဝန်ကြီးဌာနတစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား -

လူငယ်ရေးရာမူဝါဒ၊ ၂၀၁၇

မြန်မာ့အလင်းသတင်းစာ ၂၀၂၃၊ ဩဂုတ် ၉

လူငယ်ရေးရာဦးစီးဌာန လစဉ်အစီရင်ခံစာ