Skip to main content

နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာပေးဝေသွားမည်

မန္တလေး ဇန်နဝါရီ ၇

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့် နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ရေပြည့်ဝစွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီလ ပထမပတ်မှစပြီး စိုက်ပျိုးရေပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆည်တော်ကြီးရေလှောင်တမံအတွင်း ဒီဇင်ဘာ ၃၁ ရက်တွင် ရေလက်ကျန်ပမာဏမှာ ဧကပေ ၃၅၈၂၆၀၊ ရေသေ ပမာဏမှာ ဧကပေ ၈၄၀၀၀၊ အသုံးပြုနိုင် သောရေပမာဏမှာ ဧကပေ ၂၇၄၂၆၀ ရှိကြောင်း၊ ထိုကြောင့် ရေလက်ကျန်ပမာ ဏပေါ်မူတည်၍ ယခုဘဏ္ဍာနှစ်တွင် နွေစပါးဧက ၆၇၀၅၃ ဧကနှင့် နွေနှမ်းဧက ၂၉၅ ဧက လျာထားပြီး တောင်သူများစိုက်ပျိုးမည့် နွေသီးနှံများ အတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လာမည့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် မိုးစပါး ပျိုးထောင်ရေ ကိုလည်း ချန်ရှိထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောသည်။

“ရေလှောင်တမံကနေပြီးတော့ နွေသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအတွက်ကို ရေပြည့်ဝစွာပေး သွားမှာပါ။ စိုက်ပျိုးမယ့် တောင်သူတွေရဲ့ သီးနှံတွေရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်ပြီးတော့ အကျိုးစီးပွားတွေဖြစ်ထွန်းစေဖို့ ပေးဝေ သွားမှာပါ။ ရေပြည့်ဝစွာပေးဝေနိုင်ဖို့အတွက် ဆည်တော် ကြီး ရေလှောင်တမံ ကန်ရေပြည့်မှတ် ၄၁၉ ဒသမ ၅ ပေ နဲ့ ကန်တွင်းရေပမာဏ ဧကပေ ၃၆၃၀၀၀ သိုလှောင်ထားရှိပြီး ဖြစ်ပါတယ်။ နွေစပါးစိုက်တောင်သူတွေ ရေပြည့်ဝစွာနဲ့ စိုက်ပျိုးသွားနိုင်မှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါ ရေလှောင်တမံသည် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း နွေစပါး စိုက်ဧကများဖြစ်သည့် မတ္တရာမြို့နယ်တွင် ၄၂၂၂၅ ဧက၊ ချမ်းမြသာစည်မြို့နယ်တွင် ၆၅ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် ၁၈၈၀၇ ဧက၊ အမရပူရမြို့နယ်တွင် ၅၉၅၆ ဧက စုစုပေါင်း နွေစပါးစိုက်ဧက ၆၇၀၅၃ ဧကနှင့် နွေနှမ်းဧက ၂၉၅ ဧက တို့ကို စိုက်ပျိုးနိုင်ရန်လျာထားပြီး အပြည့်အဝ ရေပေးဝေနိုင် ရန်အတွက် ဆည်တော်ကြီးရေလှောင်တမံမှ ဆည်ရေကို သိုလှောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)