Skip to main content

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိ

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် အရ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် လုပ်ငန်းအဖွဲ့ငယ် ခုနစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ လုပ်ငန်းအဖွဲ့ငယ်များသည် လတ်တလောဖြစ်ပွား နေသည့် ကိုဗစ်-၁၉ အခြေအနေကြောင့် လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေး ခြင်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ကိုယ်တိုင် တွေ့ဆုံမှု မလိုအပ်သည့် လေ့လာဆောင်ရွက်မှုများနှင့် အွန်လိုင်းဖြင့် ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ပြုလုပ် လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီသည် နေ့စဉ်ထုတ် သတင်းစာများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ Website တို့မှတစ်ဆင့် လုပ်ငန်းစီမံချက်(မူကြမ်း) အပေါ် အများ ပြည်သူ၏ အကြံပြုချက်များ တောင်းခံခဲ့ရာ အကြံပြုချက် ၁၇၂ ချက်ရရှိခဲ့ပါကြောင်း။

အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုသည့် အမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ပေါက်ရေး သည် တိုင်းရင်းသားလူမျိုးစုများ အပါအဝင် ပြည်သူများအား လုံး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်း သာယာ ဝပြောမှု၊ မြေလုပ်ပိုင်ခွင့်များခိုင်မာမှု၊ လူမှုစီးပွားဘဝ လုံခြုံ မှုနှင့် စားနပ်ရိက္ခာဖူလုံမှုစသည်တို့ စဉ်ဆက်မပြတ် ဖြစ်ထွန်းတိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ ယင်းရည်ရွယ်ချက် အကောင်အထည်ဖော် နိုင်ရန် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်း စီမံချက်(မူကြမ်း)အပေါ် အများပြည်သူ၏ အကြံပြုချက် များနှင့် လက်တွေ့ဆောင်ရွက်နိုင်မည့် အတိုင်းအတာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အကြံပြု ချက်များကို ယခုအစည်းအဝေး၌ ဆွေးနွေးနိုင်ရန် ဖြန့်ဝေ ထားပြီးဖြစ်၍ ယင်းအချက်များအပေါ် အကြံပြုဆွေးနွေး ကြစေလိုပါကြောင်း၊ အစည်းအဝေးက ဆွေးနွေးအတည် ပြုသည့် လုပ်ငန်းစီမံချက်နှင့်အညီ အမျိုးသားမြေ ဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အများပြည်သူ ပါဝင်နိုင်ပြီး အကြံပြုချက်များ ကျယ်ကျယ် ပြန့်ပြန့်ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဥပဒေမူကြမ်းတွင် ပါရှိရန်လိုအပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးများမှ မြေယာကဏ္ဍနှင့်စပ်လျဉ်း၍ အတည် ပြုခဲ့သည့်အချက်များနှင့် ၂၀၂၀ အလွန် ထပ်မံသဘောတူ ညီမှုရရှိမည့် မြေယာကဏ္ဍနှင့်သက်ဆိုင်သည့် အချက်များ ဥပဒေမူကြမ်းတွင် ပါရှိရန်လိုအပ်ပါကြောင်း၊ အမျိုးသားမြေ ဥပဒေနှင့် သဟဇာတဖြစ်စေရေးအတွက် တည်ဆဲဥပဒေများ ကို သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ စီမံခန့်ခွဲမှု အားကောင်းစေရေး၊ တရားဥပဒေ စိုးမိုးရေး စသည်တို့အတွက် နည်းပညာအကြံပေး အဖွဲ့ထံမှ အကြံပြုချက်များကိုလည်း ထည့်သွင်းသုံးသပ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသား မြေဥပဒေ(မူကြမ်း) ရေးဆွဲပြုစုပြီး အမျိုးသားမြေအသုံးချမှုကောင်စီသို့ တင်ပြနိုင်ရေးအတွက် အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြလျှင် သင့်လျော်သည့် ကာလအတွင်း အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ရေးဆွဲပြုစုထားသည့် အမျိုးသားမြေ ဥပဒေ (မူကြမ်း) တစ်ရပ် ပေါ်ပေါက်လာမည်ကို ယုံကြည်ပါကြောင်း၊ ဥပဒေမူကြမ်း ရေးဆွဲပြုစုရေးလုပ်ငန်းစဉ်များကို လုပ်ငန်း စီမံချက်နှင့်အညီ ဆောင်ရွက်ပြီး ဥပဒေကျောရိုး ရေးဆွဲနိုင် ရန် လုပ်ငန်းအဖွဲ့ငယ်များက ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ နည်းပညာအကြံပေးအဖွဲ့ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်