နေပြည်တော် ဇန်နဝါရီ ၃၁
2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ မိမိနိုင်ငံတွင် တွေ့ရှိပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များအား ကိုင်တွယ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတရုံးမှ ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်းခဲ့သည့် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် ဦးဆောင်၍ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူး ချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွား လျက်ရှိ သည့် 2019 Novel Coronavirus ကြောင့် အဆုတ်ရောင် ရောဂါမှာ ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်မြင့်မား လာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း၊ ယနေ့ သတင်းများအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သေဆုံးသူဉီးရေမှာ ၂၁၃ဉီး ရှိလာပြီဟု သိရပါ ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ကူးစက်ပြန့်ပွားသူ ဝေဒနာရှင်အရေအတွက်မှာ ၉,၈၀၀ နီးပါး ရှိလာပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေ အနေ အဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံတွင်လည်း တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် ယင်းရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်နိုင်ရန်နှင့် ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက်များကို ကိုင်တွယ် ဖြေရှင်းဆောင်ရွက်သွားရန်အတွက် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက် သွားရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှလည်း ဇန်နဝါရီ ၃၀ ရက်တွင် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်များအဖြစ် (၁၂)ရပ် သတ်မှတ် ထားပါကြောင်း၊ အဆိုပါ ဗဟိုကော်မတီ၏ ညှိနှိုင်း အစည်းအဝေးမစတင်မီ ကနဉီး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသဘောမျိုး ကျင်းပ လို၍ ယနေ့အစည်းအဝေးကို ခေါ်ယူခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေး ခေါ်ယူ ရခြင်း၏ရည်ရွယ်ချက်မှာ ဗဟိုကော်မတီအတွက် ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန် (၁၂)ရပ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုချင်း၊ ဝန်ကြီးဌာန အချင်းချင်း အကောင်အထည် ဖော် ဆောင်ရွက် နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ၊ ရေရှည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများအား ပွင့်ပွင့်လင်း လင်း ဆွေးနွေးညှိနှိုင်းသွားစေလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက လတ်တလော အခြေအနေအရ မြန်မာ-တရုတ် နယ်စပ်ဂိတ်များ နှင့်လေဆိပ်များတွင် ဝင်/ထွက် သွားလာ သူများကို ကျန်းမာရေး စစ်ဆေးမှုများ ပိုမိုထိရောက်စွာ ပြုလုပ်သွားရေး၊ ပြည်သူလူထုအား ရောဂါ ကူးစက် ပျံ့ပွားမှုနှင့် ပတ်သက်၍ အသိပညာပေးရန်၊ နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်ချက်များကို အချိန်နှင့် တစ်ပြေး ညီ ပြည်သူလူထုထံ ထုတ်ပြန်သွားရန်၊ သတင်းမှားများ ပျံ့နှံ့မှုမရှိစေရန်အတွက် တန်ပြန်ဆောင် ရွက်မှု များအား အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်သွားရန်၊ ဝူဟန်မြို့သို့ ရောက်ရှိနေကြ သည့် မြန်မာ ကျောင်းသား/ကျောင်းသူများ အပါအဝင် နိုင်ငံသားများအား ပြန်လည်ခေါ်ယူ ရေး အစရှိသည် တို့နှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပ သွားရန် စီစဉ်ထားကြောင်း သိရသည်။
(သတင်းစဉ်)