Skip to main content

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)ရှိ ရေလှောင်တမံလေးခုမှ ယခုနှစ် နွေစပါး လျာထားဧက ၅၄၀၀၀ ကျော် စိုက်ပျိုးရေပေး

 

နေပြည်တော် ဇန်နဝါရီ ၃၁

 

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည် ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တောင် နဝင်း၊ မြောက်နဝင်း၊ ဝဲကြီးနှင့် တောင်ညို ရေလှောင်တမံများမှ ယခုနှစ် နွေစပါးစိုက်ပျိုး ရန် စုစုပေါင်း ၅၄၁၉၃ ဧက လျာထားပြီး ဆည်ရေများကို ယခုလဆန်းပိုင်းမှ စတင်၍ ပေးဝေလျက်ရှိကြောင်း သိရသည်။


အဆိုပါဆည် လေးခုတွင် ဆည်ရေသောက် စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို JICA ODA ချေးငွေဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့ပြီး မူလဆည်ရေသောက်ဧက စုစုပေါင်း ၁၆၃၁၃၄ ဧက မှ ၂၂၅၈၇၇ ဧကအထိ တိုးမြှင့်ပေးဝေနိုင်မည်ဖြစ်ရာ မူလ စိုက်ဧက ထက် ၃၉ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


ရေလှောင်တမံ လေးခု၏ ရေဝင်ရောက်မှု အခြေအနေများ၊ ပွင့်လင်းရာသီတွင် ဆောင် ရွက်လျက်ရှိသည့် တမံထိန်းသိမ်းရေးလုပ်ငန်း များ၊ နွေစပါး ရေပေးဝေနိုင်ရန်အတွက် တူးမြောင်းရှင်းလင်းရေးလုပ်ငန်းများကို ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးတင့်လွင်နှင့် အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရေလှောင်တမံသို့ လာရောက်စစ်ဆေးခဲ့သည်။


ယခုနှစ်တွင် မြောက်နဝင်းရေလှောင် တမံ၌ သုံးစွဲနိုင်သည့် ရေလှောင်ပမာဏ ၁၈၅၃၇၅ ဧကပေ၌ နွေစပါး ၁၅၂၈၄ ဧက စိုက်ပျိုးရန် လျာထားကြောင်း၊ ထို့အတူ တောင်နဝင်းရေလှောင်တမံ လက်ရှိရေလှောင် ပမာဏ ဧကပေ ၁၀၇၉၂၀ တွင် နွေစပါး ၈၃၆၃ ဧက၊ ဝဲကြီးရေလှောင်တမံ လက်ရှိ ရေလှောင် ပမာဏ ဧကပေ ၂၀၅၀၀၀ တွင် နွေစပါး ဧက ၂၃၇၅၀ နှင့် တောင်ညိုရေလှောင်တမံ၏ လက်ရှိရေလှောင်ပမာဏ ဧကပေ ၁၇၇၄၅၀ တွင် နွေစပါးလျာထား ၆၇၉၆ ဧက စိုက်ပျိုးရန် လျာထားပြီး နွေစပါးအောင်ရေအား အပြည့် အဝဆက်လက်ပေးဝေနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

မောင်မွှေး