ရန်ကုန် ဇန်နဝါရီ ၂၅
ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်း ကိရိယာများထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန ၌ကျင်းပသည်။
အခမ်းအနားတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် ဂျပန်နိုင်ငံ၏ အထောက်အပံ့စီမံကိန်းအရ ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှု ရုံး(UNOPS)နှင့်ပူးပေါင်းကာ ဝယ်ယူထားသော ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာ များဖြစ်သည့် Medical Waste Disposal Equipment ၁၀ လုံး၊ centrifuges သုံးလုံးနှင့် Autoclave လေးလုံးတို့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုအထောက် အပံ့ပေးရေးဌာနမှ သံမှူး Mr. Takimi Kazuyuki က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင် ကလက်ခံရယူသည်။
ယနေ့လှူဒါန်းမှုသည် စီမံကိန်းအရ ဒုတိယ အကြိမ်လှူဒါန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
အလားတူ အဆိုပါ အထောက်အပံ့စီမံကိန်းအရ ပထမအကြိမ် ထောက်ပံ့လှူဒါန်း မှုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ပြုလုပ်ခဲ့ပြီး PCR စက်များ၊ PCR နည်းပညာဖြင့် စစ်ဆေးမှုအတွက် လက်ပ်တော့ကွန်ပျူတာများ၊ PCR Test Kits ၊ RNA extraction kits နှင့် molecular biological grade ethanol ဓာတ်ခွဲပစ္စည်းများ (Reagents)၊ အထူးကြပ် မတ်ကုသဆောင်(ICU Facilities) များအတွက် power supply units နှင့် ဆေးဘက် ဆိုင်ရာ အဆောက်အအုံများအတွက် generator များကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန နှင့် ပြည်သူ့ဆေးရုံကြီးများ သို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အတူ လူနာတင်ယာဉ်များ၊ Test Kits ၊ mobile X-Ray ၊ Medical Monitor နှင့် Pulse oximeter စသည်တို့ကိုလည်း ဆက်လက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး