Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၉ ဖေဖော်ဝါရီ  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ်၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ဌေး၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်တို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ မိမိတို့သည် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ဥပဒေနှင့်အညီသာ ဝင်ရောက်ထိန်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ် ကာလစတင်ကြေညာသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဒီမိုကရေစီလမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်အနေဖြင့်ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းမှားယွင်းသည့် ကိစ္စရပ်များကို ဒီမိုကရေစီစည်းကမ်းနှင့်အညီ ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း၊ မဲစာရင်းများတွင် ကြီးမားသည့် လွဲမှားမှုများဖြစ်ခဲ့ပြီး သာမန်လွဲမှားမှုများမဟုတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရသည့်အတွက် ယခုအဆင့်အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ စောင့်ထိန်းရန်လိုကြောင်း၊ မိမိတို့သည် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

စီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ရာတွင် ဒေသက ကြည်ညိုလေးစားခြင်းခံရပြီး မိမိတို့၏ ဒေသအကျိုး စွမ်းဆောင်နိုင်မည့်သူ၊ အတွေ့အကြုံရှိသူ၊ အုပ်ချုပ်နိုင်စွမ်းရှိသူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ ပေးအပ်သည့်တာဝန်ကို ယုံယုံကြည်ကြည်ဖြင့် ထမ်းဆောင်နိုင်မည့် သူများကိုသာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် မူဝါဒများ ချမှတ်ပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ဒေသတိုးတက်အောင်၊ အောက်ခြေရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို အဆင်ပြေအောင် အနီးကပ်ဆုံးဆောင်ရွက်ပေးရမည့် အဖွဲ့များဖြစ်ကြောင်း၊ လူဦးရေစာရင်းများ မှားယွင်းခဲ့သည့်အတွက်  ယခုဖွဲ့စည်းပေးလိုက်သည့် ကောင်စီအဆင့်ဆင့်တွင် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများကို ထည့်သွင်းဖွဲ့စည်းထားကြောင်း၊ စာရင်းများမှန်ကန်မှုရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားကြောင်း။

မိမိအနေဖြင့် နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် မူဝါဒ ၅ ရပ် ချမှတ်ထားကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများက အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် ကိစ္စရပ်များကို မြန်မြန်ထက်ထက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုကို မထိခိုက်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် ဒေသ၏ လိုအပ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်း၊ အကောင်အထည်ဖော်နိုင်ရန် လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ကြောင်း၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး မလုပ်ဆောင်ရန်လိုကြောင်း၊ ဒေသအတွင်း ရပ်တန့်နေသည့်လုပ်ငန်းများ၊ ကိစ္စရပ်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ထက်ထက် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ကောင်စီများဖွဲ့စည်းထားရှိမှု၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ နေရပ်ပြန်လည် ရောက်ရှိရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒေသခံ လက်လုပ်လက်စားများ တရားဝင် ကျောက်စိမ်းတူးဖော်ခွင့်ရရှိရေး၊ ကျောက်မျက် ရတနာပြပွဲများ ကျင်းပခွင့်ပြုရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ကန်ပိုက်တီးနှင့် လွယ်ဂျယ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး၊ ရဲတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ပေးရေး၊ မှတ်ပုံတင်ပြုလုပ်ပေးရေး၊ တိုင်းဒေသကြီး၊ ပြည်နယ် ကောင်စီများတွင် ဥပဒေအကြံပေးနှင့် ဥပဒေအရာရှိများ ထည့်သွင်းဖွဲ့စည်းပေးရေး၊ ရပ်ကွက်၊ ကျေးရွာ ကောင်စီဥက္ကဋ္ဌများ အမြန်ဆုံး ပြန်လည်ခန့်အပ်ခွင့်ပြုရေး၊ မုံရွာဆေးရုံကြီး အမြန်ပြီးစီးအောင် ဆောင်ရွက် ခွင့်ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံတော်လုံခြုံရေး အတွက် လိုအပ်သည့် ဥပဒေအချို့ ပြဋ္ဌာန်းပေးရေးနှင့် ဒေသအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် မိမိနိုင်ငံ၏ အရိပ်အာဝါသအောက်တွင် နေထိုင်စေလိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ အမိန့်နှင့်ညွှန်ကြားချက်များသည် တည်ဆဲဖြစ်ပြီး လိုအပ်ပါက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်၊ ကျေးလက်မြို့ပြ ကွာဟမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများကို လျှော့ချရန်လိုအပ်ကြောင်း၊ လူမှုစီးပွားဘဝ နိမ့်ပါးနေသည့်အတွက် မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပေးသည့် လစာနှင့်ခံစားခွင့်များကို ရယူထားပြီး နိုင်ငံရေးဆောင်ရွက်၍ မရပါကြောင်း၊ မိမိတို့ နိုင်ငံထက် ဒီမိုကရေစီ ပိုမိုရင့်ကျက်သည့် နိုင်ငံများတွင်လည်း ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နှစ်သက်သည့် ပါတီများကို လွတ်လပ်စွာမဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင်နေသည့် အချိန်တွင် နိုင်ငံရေးပါဝင်ဆောင်ရွက်၍ မရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ်အရေးယူရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက်ပြည်သူများ ဝင်ငွေရရှိရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်း၊ အခြေခံလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာရှိရန်လိုအပ်ကြောင်း၊ အတတ်ပညာရရှိရန်အတွက် အတန်းပညာများ တတ်မြောက်ရန် လိုအပ်သဖြင့် ပညာရေးကို အားပေးရန်လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ပညာသင်ကြားရာ၌ ဘာသာစကား အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု COVID-19  ရောဂါ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ပညာရေး နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအား ထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတတ်ပညာရှိသည့် လူသားအရင်း အမြစ်များ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် ကျောင်းများအား တိုးချဲ့ဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး တိုင်းချစ် ပြည်ချစ်စိတ်ရှိရန်အတွက် ပညာရေးကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထုတ်ကုန်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ပြီး ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကုန်စည်စီးဆင်းမှု ပြန်လည်ချောမွေ့ လာစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ယခုထက်လျော့ကျခြင်းမရှိစေရန်နှင့် တိုးတက်မှုရှိရန် အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကောင်စီဥက္ကဋ္ဌများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ စေတနာထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရား၊ စေတီပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာ အဆောက် အဦများကို COVID-19 စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သန်းခေါင်စာရင်း မှန်ကန်စွာရရှိရေးနှင့် မှတ်ပုံတင်များရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတို့နှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်ထောင်စုနေ့ အခမ်းအနားအပါအဝင် သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များတွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများကို ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန်နှင့် အခမ်းအနားများ ကျင်းပရာတွင် COVID-19 စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းဖြင့် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်