Skip to main content

လာမည့်မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုရန် တစ်သိန်းသုံးသောင်းကျော် လျှောက်ထား

မန္တလေး  ဇန်နဝါရီ  ၂

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ယခုနှစ် မတ် ၁၁ ရက် မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ၁၃၃၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် မန္တလေးမြို့ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည့် ကြီးကြပ်ရေးမှူးများ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောကြားသည်။

ပိုမိုများပြားလာ

ယမန်နှစ်က အဆိုပါစာမေးပွဲတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းမှ ဖြေဆိုရန်လျှောက်ထားသူ ၁၂၃၀၀၀ ကျော် ရှိခဲ့ရာ ယခုနှစ်တွင် လျှောက်ထားသူဦးရေမှာ ယမန်နှစ်ထက် တစ်သောင်းခန့် ပိုမိုများပြားလာကြောင်း သိရသည်။

“မနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွက် စာစစ်ဌာန ၂၀၃ ခု ဖွင့်လှစ်ပေးခဲ့ပေမယ့် ဒီနှစ်မှာ ဖြေဆိုသူ ပိုမိုများပြားလာတဲ့အတွက် စာစစ်ဌာနတွေ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေစွာကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေအနေနဲ့ ကြီးကြပ်ရေးမှူး သင်တန်းတွေကို မန္တလေးမြို့မှာ ဖွင့်လှစ်ပို့ချပေးနေပါပြီ”ဟု ၎င်းက ပြောသည်။

ထို့ပြင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် တစ်နိုင်ငံလုံးမှ လျှောက်ထားသူဦးရေ ၈၉၀၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်တွင်ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ လက်ရှိ စာရင်းများအရ ၉၇၀၀၀၀ ကျော်ရှိနေပြီဖြစ်ရာ ယမန်နှစ် ထက် ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ တစ်သိန်းကျော် ပိုမိုများပြားလာကြောင်း သိရသည်။

“တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နှစ်ထက်တစ်နှစ် ဖြေဆိုသူဦးရေ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် မနှစ်က စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စာစစ်ဌာနပေါင်း ၁၈၈၆ ခု ဖွင့်လှစ်ပေးခဲ့ ပေမယ့် ဒီနှစ်မှာ ဖြေဆိုသူဦးရေ များပြားလာတဲ့အတွက် ၁၉၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။ ဖြေဆိုဖို့ လျှောက်ထားသူအများဆုံးကတော့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၁၁၉၂၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အောင်မြင်သူ ၄၃၀၇၅ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ၆ ဘာသာဂုဏ်ထူးရှင် အများဆုံးထွက်ပေါ်ခဲ့သည့် တိုင်းဒေသကြီးဖြစ်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)