Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က မကွေးတိုင်းဒေသကြီး အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းရာတွင် ဦးအောင်ထူးမြင့် သည် လွှတ်တော်တာဝန်၊  မဲဆန္ဒနယ်မြေတာဝန်၊ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့ပါကြောင်း၊ ဦးအောင်ထူးမြင့် သည် နိုင်ငံတကာဆက်ဆံရေးကော်မတီ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့သည့်  ဦးအောင်ထူးမြင့်နှင့်တကွ ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းအပ်ပါကြောင်း  ပြောကြားသည်။

ယင်းနောက် အောင်လံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့် ကွယ်လွန်ခဲ့သည့်အတွက် အစည်းအဝေးခန်းမအတွင်းရှိ ပုဂ္ဂိုလ်များအားလုံး မတ်တပ်ရပ်၍ ၁ မိနစ်ခန့် ငြိမ်သက်၍  ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးအောင်ထူးမြင့်ကွယ်လွန် ခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက်စရိတ်ဖြစ်သော ငွေကျပ် ၈၆သိန်း ၂ သောင်းကို ကျန်ရစ်သူမိသားစုများထံ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ဦးအောင်ထူးမြင့် ကွယ်လွန်အနိစ္စရောက်ခြင်းအတွက် ဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။

ယင်းနောက် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်၏ ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲရာတွင်  အခွန်ရာဖြတ်ဌာနမှ ယာဉ်တန်ဖိုးများကို မည်ကဲ့သို့ သတ်မှတ်ပြီး ကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိသည့် မော်တော်ယာဉ် ဈေးနှုန်းများကို မော်တော်ယဉ် ရောင်းဝယ်ရေး အသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အမည်ပြောင်းဆောင်ရွက်ရာတွင် ပြောင်းလဲ ခ ငွေကျပ် ၅၀၀၀  သာ ကောက်ခံပြီး ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)၊ သက်သေခံ လက်မှတ်(အဝိုင်း)၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ပြည်တွင်း အခွန်ပုံစံ(၁)များစိစစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနက ဝယ်ယူခွန်အခွန်ပုံစံ(၁)တွင် ပါရှိသည့် အမည်၊ နေရပ်လိပ်စာအတိုင်း မှတ်တမ်းတင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီနှင့် ရေယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍  ပိုမိုနီးစပ်မှုရှိပြီး မျှတမှုလည်းရှိနိုင်မည့် စံနှုန်းများကို သတ်မှတ်ပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ကျပ်သိန်း(၁၀၀၀)မှ ကျပ်သိန်း (၂၀၀၀) သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၇(က)(ခ)(ဃ)တို့တွင် ပြဋ္ဌာန်းချက်များအရ  ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်မှုများနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်လျာထား သတ်မှတ်၍ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရန်နှင့် ဘဏ္ဍာရေးကော်မရှင် နှင့် ညှိနှိုင်းဆောင် ရွက်မှုများကို ဗဟိုကော်မတီက ဆောင်ရွက်နိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္ စဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။

မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏  မယ်စဲ့မြို့နယ်ရှိ ကျေးရွာအသီးသီးတွင်  လိုအပ်နေသော ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ဖူဆယ်ကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းတို့ကို  ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကယားပြည်နယ်တွင်  မယ်စဲ့မြို့အပါအဝင် မြို့နယ်ပေါင်း ၇ မြို့နယ်ရှိပြီး ကျေးရွာအုပ်စု ၇၄ အုပ်စုနှင့် ကျေးရွာ ပေါင်း ၅၁၇ ရွာရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှ စ၍ နှစ်စဉ် မြို့နယ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ဘဏ္ဍာငွေ ခွဲဝေချထားမှုအရ  ၁ ဘီလီယံ ခန့်သာ ရရှိကြသည့်အတွက် မြို့နယ်များအလိုက် မြို့နယ် ဘောလုံးကွင်းများ၊ အားကစားရုံများနှင့် ဝန်ထမ်းနေအိမ်များကို ဦးစားပေးအလိုက် ဘဏ္ဍာငွေ များ ခွဲဝေဆောင်ရွက် ပေးနေရသောကြောင့် မယ်စဲ့မြို့နယ်၏ ကျေးရွာများအားလုံးတွင်  ဘောလုံးကွင်း၊ ဖူဆယ်ကွင်း၊ ဘော်လီဘောကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများကို ဆောင်ရွက်ပေးရန်အတွက် ဘဏ္ဍာငွေအနေအထားအရ လောလောဆယ်တွင် အစီအစဉ်မရှိသေးပါ ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်းတင်ပြလိုပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြချက်အား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ပိုမိုစဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်ရှိ သာရဝေါ တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကုသရေးဦးစီးဌာန သည် လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ် ဆေးရုံတွင် ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံးဆောက်လုပ်ခြင်း လုပ်ငန်းအား ၂၀၁၈ -  ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  ခွဲစိတ်ခန်းပါ တိုးချဲ့ ၁ ထပ်အဆောက် အဦအတွက် ရန်ပုံငွေငွေကျပ် သန်း ၉၂ ဒသမ ၉၇ ပါရှိပြီး ယခုအခါ တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ပြည်သူ့ဝန်ဆောင်မှု စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအခြေအနေများအရ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း ရှင်းလင်းဖြေ ကြားသည်။

ဆက်လက်၍ ရေကြည်မဲဆန္ဒနယ်မှ  ဒေါက်တာစံရွှေဝင်း၏ နိုင်ငံတွင်းမှ ပဋိဇီ၀ဆေးယဉ်ပါးမှု Antimicrobial Resistance (AMR) မဖြစ်အောင် မည်သို့ဆောင်ရွက်ထားရှိကြောင်း သိလိုခြင်း မေးခွန်း၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ သံတောင်မြို့ပြည်သူ့ဆေးရုံမှ ဓာတ်မှန်စက်နှင့် အခြားစက်ပစ္စည်းများ အသုံးပြုနိုင်ရန် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီ X’ mer ထရန်စဖော်မာတစ်လုံး တပ်ဆင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံအသစ် တည်ဆောက် ပြီးဖြစ်သဖြင့် လိုအပ်သော ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂများနှင့် ဆေးရုံသုံး ပစ္စည်းများအား ဖြည့်ဆည်းပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းဖြေကြား သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်း အေးက အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။

ယင်းနောက် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) အကောင်အထည်ဖော်ရာတွင် တိကျသည့် မူဝါဒချမှတ်ပြီး ဒေသခံပြည်သူပါဝင်နိုင်သော နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ညွှန်ကြားပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာတွင် CSR စီမံချက်ကြောင့် ဝန်ထမ်းများတွင် အဖွဲ့အစည်းစိတ်ဓာတ် တိုးလာပြီးတစ်ဦးနှင့် တစ်ဦးကြား စည်းနှောင်မှုအားကောင်းလာပြီး ကောင်းမွန်သောဆက်ဆံရေး ထူထောင်နိုင်မည့် အပြင် ဝန်ထမ်းများ ပိုမိုပေါင်းစပ်လာပြီး စိတ်ကျေနပ်မှုကို ပိုမိုတိုးမြှင့်စေနိုင်မည်ဖြစ်ပါကြောင်း၊ CSR အစီအစဉ်များကြောင့် ရပ်ရွာလူထုများအတွက် ပိုမိုကောင်းမွန်သည့် အခမ်းအနားများ ကျင်းပခြင်းဖြင့် ပါရမီရှိပြီး အဖိုးတန်သည့် ဝန်ထမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း။

CSR လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မူဝါဒများချမှတ်ရန် အရေးတကြီး လိုအပ်နေပါကြောင်း၊ နိုင်ငံတော်ပိုင်လုပ်ငန်းများ၊ လွှတ်တော်နှင့် အရပ်ဖက်လူ့ အဖွဲ့အစည်းများတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုအား မည်သို့မြှင့်တင်ရန်နှင့် အကျိုးစီးပွားမျှဝေမှုကို မည်သို့ဖော်ဆောင်မည်ဆိုသည်ကို အမျိုးသားအဆင့်ဆွေး နွေးပွဲများနှင့် တိုင်ပင်နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးသင့်ပါကြောင်း၊ မူဝါဒများအကောင် အထည်ဖော်ရာတွင် ဒေသခံ ပြည်သူများပါဝင်နိုင်သည့် နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊။

ထို့ပြင် ကုမ္ပဏီများ၏ CSRမူဝါဒ အသေးစိတ်အချက် အလက်များဖော်ပြပါဝင်သည့် နှစ်စဉ် CSR အစီရင်ခံစာ ပြုစုရန်နှင့် ယင်းအချက်အလက်များကို ကုမ္ပဏီ၏ Website တွင် ဖော်ပြထားရန် လည်း လိုအပ်ပါကြောင်း၊ CSR လုပ်ငန်းများတွင် ကတိကဝတ်ပေးထားသည့် နှုန်းထားများ အတိုင်း သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးရန်နှင့် ကတိကဝတ်ပေးထားသည့် နှုန်းထား အတိုင်းသုံးစွဲရန် ပျက်ကွက်ပါက အကြောင်းအရင်းကိုလည်း ဖော်ပြထားပေး ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်ပေါ် စေရန်အတွက် မူဝါဒများ ခိုင်ခိုင်မာမာချမှတ်ပေးရန် တင်သွင်းရခြင်းဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က အဆိုအား ထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)