Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ်ဆောင်အား ဖျက်သိမ်းပြီး RC(၂)ထပ်ဆောင်အဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ (၁၄၀×၃၀) RC (၂)ထပ်ဆောင်အသစ် ဆောက်လုပ်ပေးရန် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကမလော့ချောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယခုနှစ်ပညာသင်နှစ်အတွင်း စုစုပေါင်း အလယ်တန်း အဆင့်သင်ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးရှိပါကြောင်း၊ အနီးဆုံး အထက်တန်းအဆင့်သင် ကျောင်းဖြစ်သည့် မုက္ခမူအခြေခံပညာအထက်တန်း ကျောင်းနှင့်(၂)မိုင်ခရီးအတွင်းရှိပါကြောင်း၊ ထို့ပြင် လက်ရှိ ကျောင်း အဆင့်သက်တမ်းတိုး ပေးထားသည်မှာလည်း (၁)နှစ်သာရှိသေးသည့်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ရန် သတ်မှတ်ထားသည့် ဦးစားပေး ကျောင်းစာရင်းတွင် မပါရှိသေးပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ သက်တမ်းမှာ(၄)နှစ်ခန့်သာ ရှိပါကြောင်း၊ ယခုနှစ် ပညာသင်နှစ်စာရင်းအရ စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၅၈)ဦး သာရှိပါကြောင်း၊ လက်ရှိအားဖြင့်လည်းအထက်တန်း ပညာရပ်များသင်ကြားခွင့်ရရှိနေသည့် အခြေအနေ ရောက်ရှိနေသည့်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အဆင့်မြှင့်တင်ခြင်းအတွက် ဦးစားပေးအဆင့်အနေဖြင့် သတ်မှတ်ထားခြင်းမရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းတို့တွင် RC တစ်ထပ် ကျောင်းဆောင် တစ်ဆောင်စီနှင့် ရွာမပြင်ကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းတွင် RC နှစ်ထပ်ကျောင်း ဆောင်တစ်ဆောင်တို့ကို ၂၀၂၀ -  ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ပေ(၁၂၀×၃၀) RC  တစ်ထပ် ဆောင်တစ်ဆောင်၊ သင်္ဂနပ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပေ (၆၀×၃၀) RC တစ်ထပ်ဆောင်အသစ်တစ်ဆောင်၊ ရွာမပြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပေ(၁၀၀×၃၀) RC နှစ်ထပ်ဆောင်အသစ် တစ်ဆောင်တို့ကို ဆောက်လုပ် ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရန်ပုံငွေအောက်တွင် ဦးစားပေး အစီအစဉ်အရထည့်သွင်းလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ် ဝင်းအတွင်း ဆောက်လုပ်နေသောပေ(၆၀၀ × ၄၀၀)  ရှိမီတာ(၄၀၀) ပြေးလမ်းပါ အားကစားကွင်းအား စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တည်ဆောက်လျက်ရှိသော ဘောလုံးကွင်း အား ၂၀၁၈ -  ၂၀၁၉ဘဏ္ဍာရေးနှစ် (၆)လနှင့် (၁၂)လ ဘတ်ဂျက်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေအောက်မှ ခွင့်ပြုငွေကျပ်သန်းပေါင်း (၈၅၉ ဒသမ ၅၅)ဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ဘတ်ဂျက်လျာထား၍ ချထားပေးခဲ့ပါကြောင်း၊ အဆိုပါ ဘောလုံးကွင်းအား ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Kay Golden Myanmar Co.Ltd မှ တာဝန်ယူဆောက် လုပ်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တင်ပြသကဲ့သို့ စံချိန်နှင့်မကိုက်သည့် အချက်အလက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဟင်္သာတ တက္ကသိုလ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Kay Golden Myanmar Co.Ltdတို့မှ တာဝန်ယူ၍ စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများမှ မိုဘိုင်း တယ်လီဖုန်းအသုံးပြုသူများ၏ ကြိုတင်ပေးသွင်းထားသော ဖုန်းဘေလ်များထဲမှ အခြားသောဝန်ဆောင်မှု အမျိုးအစားများအတွက်ဟုဆိုကာ ကာယကံရှင်၏သဘောတူ ခွင့်ပြုချက်မဟုတ်ဘဲ အခကြေးငွေများ ဖြတ်တောက် ယူငင်မှုများ များပြားလာ၍ သုံးစွဲသူ ပြည်သူများဆုံးရှုံးနစ်နာနေပါသဖြင့် ထိရောက်စွာတားဆီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သုံးစွဲသူပြည်သူများအတွက် ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုအစီအစဉ်များ ကိုရွေးချယ်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ အဆိုပါဝန်ဆောင်မှု အစီအစဉ်များနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ နစ်နာဆုံးရုံးမှု မရှိစေရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုအစီအစဉ်များနှင့် စပ်လျဉ်း၍ သုံးစွဲသူပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် Facebook Page မှဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားလာမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ခုနှစ်အတွင်းဖုန်းဘေ ဖြတ်တောက်ခံရမှုကြောင့် တိုင်ကြားလာမှုများ အားလုံးကိုဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသည့် အမှုများကို လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ သည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုများနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း တိုင်ကြား နိုင်ပါကြောင်း၊ တိုင်ကြားလာမှုများကိုဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ရဲသွင်၊ စိုးဝင်းထွန်း