မကွေး ဖေဖော်ဝါရီ ၁၁
၂၀၂၀ ပြည့်နှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ မကွေး တိုင်းမြင်းစီးအသင်းနှင့် ပြည်သူလူထု၏ ပူပေါင်းအင်အားဖြင့် ကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပထမအကြိမ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မကွေး FC ကွင်း၌ ယမန်နေ့ နံနက် ၈ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူတို့က မြင်းစီးကွင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဘင်ခရာတပ်ဖွဲ့နှင့် အလံကိုင်မြင်းစီးတပ်ဖွဲ့ဝင်များက စစ်ကြောင်းဖြင့် အလေးပြုခြင်း ဆောင်ရွက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြင်းစီးအားကစားပြိုင်ပွဲ အဖွင့်မိန့်ခွန်းပြောကြားကာ မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်၊ တိုင်းဒေသကြီးမြင်းစီးအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြိုင်ပွဲကျင်းပခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြန်မာ့ရိုးရာ မြင်းစီးအသင်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မြင်းစီးအားကစားဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး Popular Plastic လုပ်ငန်းအုပ်စု ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဒု - ဥက္ကဋ္ဌ (၁)ဦးကျင်ဦးက မြင်းစီးအားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးငွေ ကျပ်သိန်း (၂၀)နှင့် ကိုကိုတုတ်ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ၊ မန္တလေးမြို့ Henry’s Farm မြင်းစီးကလပ်ပိုင်ရှင် ဦးသီဟက အမှတ်တရလက်ဆောင် အမေရိကန်နိုင်ငံထုတ် မြင်းစီးကုန်းနှီး (၁)စုံတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် မကွေးမြို့နယ် ပန်းညိုစမ်းကျေးရွာမှ မြင်းပိုင်ရှင် ကိုမျိုးမင်းထွန်းနှင့်အတူ မြင်းမလေးပွဲတက်မယ်တို့က မြင်းအလိမ္မာအကအလှများ၊ မကွေးမြို့ဂုဏ်ဆောင် မြင်းစီးအားကစားသမား ကိုကိုဦးနှင့် မြင်းစီးအားကစားမယ် သောင်းသောင်းစိုးတို့မှ မြန်မာ့ရိုးရာ မြင်းရေး(၁၇)ပါး ကျွမ်းကျင်မှုနှင့် မန္တလေးမြို့ Henry’s Farm မြင်းစီးကလပ်မှ မြင်းစီးအားကစားသမား ရန်နိုင်လင်းက မြင်းမလေးအိန်ဂျယ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ တန်းခုန်နည်းစနစ် တို့ဖြင့် သရုပ်ပြစီးနင်း တင်ဆက်ခဲ့ကြသည်။
အဆိုပါ ပထမအကြိမ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲပွဲစဉ်များအဖြစ် ဒုန်းစီးပြိုင်ပွဲများ၊ အသားကျစီးပြိုင်ပွဲများနှင့် သရုပ်ပြပွဲ၊ စွမ်းရည်ပြပွဲများ ပါဝင်ကာ(၁၀-၂-၂၀၂၀)ရက်နေ့မှ (၁၂-၂-၂၀၂၀)ရက်နေ့အထိ မကွေး FC ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)