နေပြည်တော် ဧပြီ ၂၂
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးချွတ်ယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့အား အမြန်ပြန်လည်ပြင်ဆင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ရက်သတ္တပတ် တစ်ပတ်စာခန့် အရန်စက်သုံးဆီရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ ပြတ်လပ်မှုမဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူသို့ မတ် ၃၀ ရက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း၊ အများပြည်သူ၏ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာလုပ်ငန်းရှင်တို့၏ ၂၄ နာရီ အချိန်ပြည့်နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် နေရာဒေသများတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရောင်းဆိုင်များမှ တိုက်ရိုက်နှင့် နေရာအရောက် လုံလောက်စွာဖြန့်ဖြူးရောင်းချပေးခြင်း၊ ပရဟိတအသင်းအဖွဲ့များသို့ စက်သုံးဆီ လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အရန်ဆီအနေဖြင့် နှစ်ပတ်စာခန့် သိုလှောင်ထားရှိနိုင်ပြီး အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းဈေးနှုန်းမှာလည်း တစ်လီတာလျှင် ငွေကျပ် ၂၀၀ မှ ငွေကျပ် ၃၀၀ ခန့်အထိ ကျဆင်းခဲ့သဖြင့် အများပြည်သူအနေဖြင့် စိတ်ချမ်းသာစွာဖြင့် ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်