Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့်အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က   ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့်   မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက  ပြန်လည်တောင်းခံလာသည့် ကိစ္စရပ် ၅ ခုရှိရာ မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည် လွှဲပြောင်းပေးခြင်းမရှိပါကြောင်း၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်  ၂၀၀၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေးထံမှ  လွှဲပြောင်း ရရှိထားသည့် အခန်း ၁ ခန်းကို မူလ ပိုင်ရှင်က လျှောက်ထားခြင်းအပေါ် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်၍ ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ကိစ္စ ၄၆ ခုအနက် မူလပိုင်ရှင်မှ ပြန်လည်တောင်းခံသည့် ကိစ္စ ၈ ခု ရှိရာ ၁ ခု ကို ပြန်လည်လွှဲအပ်ပေးပြီး ကျန် ၇ ခုမှာ စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံများ အနက် ၂၇ ခုတွင် ၂၆ ခုသည်  မူဝါဒနှင့် ကိုက်ညိမှုမရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိပါကြောင်း၊ ကျန် ၁ ခု သည် ပြန်လည်တောင်းခံသူများအချင်းချင်း အငြင်းပွားနေကြပြီး သက်ဆိုင်ရာ တရားရုံး၏ တရားဝင်ဆက်ခံခွင့် တင်ပြနိုင်ခြင်း မရှိသောကြောင့် ဌာနမှ ဆက်လက်ထိန်းသိမ်း ထားရှိပါကြောင်း။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် မြေနှင့် အဆောက်အအုံ ၁ ခုကို ပိုင်ရှင်၏ ဆက်ခံသူက ပြန်လည်လျှောက်ထားမှုအပေါ် စိစစ် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အခန်း ၃ ခန်းအနက် ၁ ခန်းကို ပိုင်ရှင်က တောင်းခံခဲ့ရာ မူဝါဒနှင့် ကိုက်ညီမှု မရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်း မရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့်  မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စရပ် ၅ ခုရှိရာ ဆောင် ရွက်ပြီးစီးမှု ၃ ခုနှင့်  ဆောင်ရွက်ဆဲ ကိစ္စရပ် ၂ ခုရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ် ၃ ခုတွင် ၁ ခု သည် မူဝါဒနှင့် မညီသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မပြုသေးပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်   အခန်း ၂ ခန်း၊ အဆောက်အအုံ ၁ လုံးနှင့် မြေကွက် ၁ကွက် တို့ကို မူဝါဒနှင့် ကိုက်ညီမှု မရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံ ၁ ခုကို ပိုင်ရှင်၏ သမီးဖြစ်သူက အဆောက်အအုံနှင့် ပရိဘောဂတန်ဖိုးကို ကာလ တန်ဖိုးနှင့်အညီ ပြန်လည်တောင်းခံမှု အပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အခြေခံ ပညာဦးစီးဌာနသို့ တင်ပြခဲ့ပြီး ဆက်လက်စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့် အဆောက်အအုံ ၁ခုကို  မူလပိုင်ရှင်များ လက်ဝယ်သို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း နှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြေနေရာ ၁ ခုကို  စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခန်း၊ အဆောက်အအုံ ၂ ခုကို မူလပိုင်ရှင်က ပြန်လည် တောင်းခံရာ  မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည် လွှဲပြောင်းပေးနိုင်ခြင်းမရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့်  မူလပိုင်ရှင်များက ပြန်လည်တောင်းခံသော အဆောက်အအုံ ၃ ခုကို စိစစ်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊  ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် အခန်း ၂ ခန်းနှင့် အဆောက် အအုံ ၁ ခု တို့ကိုလည်း မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းမရှိပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၏ တံတားဦးမြို့နယ် မြို့လယ်လမ်းမကြီး ဖြစ်သော ကျောက်ဆည်-တံတားဦးလမ်းအား ပြုပြင်ဆောင်ရွက်ခဲ့မှုတွင် အရည်အသွေး မပြည့်မီမှုအပေါ် ပြန်လည် ဆောင်ရွက်ပေးမှု အခြေအနေကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက  တံတားဦးမြို့နယ် ကျောက်ဆည်- တံတားဦးလမ်း မိုင်တိုင်အမှတ် (၂၃/၂ )မှ (၂၃/၇) အထိ  လမ်းအရှည် ၅ဖာလုံကို ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်သော ကုမ္ပဏီအား ကတ္တရာ ဆက်စပ်လွှာလောင်းခြင်း၊ လမ်းမျက်နှာပြင်မညီ၍  အနိမ့်အမြင့် ဖြစ်နေ သောနေရာများ ဝမ်းတူး ကျောက်ဖြင့် အနိမ့်အမြင့် ညှိခြင်း၊ တစ်လက် မခွဲထု ကတ္တရာ အဝင်လောင်း၍ ကျောက်သေးဖြန့်ခင်းကြိတ်ခြင်းနှင့် မျက်နှာပြင်အားလုံး ကတ္တရာရေ ပိတ်လွှာလောင်း၍ ၈ပိုင်း၃ပိုင်း ကျောက်သေးဖြန့်ခင်းကြိတ်ခြင်း လုပ်ငန်းများအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားအပ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ် အကြားရှိ မောချောင်းကို ဖြတ်၍ ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ် ဆက်သွယ်သော လမ်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်ခဲ့သော လမ်းဖြစ် ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ မောချောင်းဖြတ်ကူး ဘေဘီတံတားသည် ဆောက်လုပ် ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းတံတား စာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန လမ်းအဖြစ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းအဖြစ်သို့ စာရင်း သိမ်းသွင်းရန် တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း ၏ ကျိုက္ခမီမြို့ရှိ ဘောလုံးကွင်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်နေပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်သို့ ပြောင်းလဲပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်  မင်းတဲရပ်  အကွက် အမှတ်(၂) ဦးပိုင်အမှတ် (၇)ရှိ မြေဧရိယာ ၁၂ ဒသမ ၃၃၈ ဧက သည် ၁၉၅၂-၁၉၅၃ ခုနှစ်ကတည်းက  P-W-D မြေအဖြစ် သတ်မှတ်ထားပြီး  အဆိုပါမြေပေါ်တွင် မူလတန်း ကျောင်းနှင့် မီးသတ်ဦးစီးဌာနမှ တည်ဆောက်ထားသည့် အဆောက်အဦတို့ ရှိထားပြီး ကျန်မြေဧရိယာ ၇ ဒသမ ၃၅၄ဧက ကို ဘောလုံးကွင်းအဖြစ် အသုံးပြုထားပါကြောင်း၊ အဆိုပါမြေကို အားကစားကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်း ဖောက်လုပ်ထားသော မြိုင်-တောမ-ဂန့်ဂေါလမ်းပိုင်းမှ ထီးလင်းမြို့နယ်အတွင်းရှိ တောမလမ်းပိုင်အား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန် ကြီး ဒေါက်တာကျော်လင်းက  အဆိုပါ လမ်းပိုင်း၏ မိုင်တိုင်  (၅၄ / ၅)မှ (၅၆/၅) အတွင်း ၂ မိုင်၊ (၆၆/၁)မှ (၆၉/၁)အတွင်း ၃ မိုင် စုစုပေါင်း အရှည် ၅ မိုင်ကို မြေနီ ကျောက်စရစ်ခင်းခြင်းနှင့်  Box Culvert  ၃ စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ၁၄၂ သန်း  ဖြင့် ဆောင်ရွက်လျက်ရှိရာ မိုင်တိုင် (၅၄/၅)မှ (၅၅/၂) အတွင်း ၅ ဖာလုံအား မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီး Box Culvert  ၃ စင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက်  ပစ္စည်းများစုဆောင်းထားရှိပြီး ဖြစ်ပါကြောင်းနှင့်  ကတ္တရာလမ်း အဆင့်မြှင့်တင်ရန် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မှ စတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍  ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ၂၀၁၉ Novel Coronavirus –၂၀၁၉ nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ် နှိမ်နင်းရန်အတွက် ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက်အသေ အပျောက်နည်းပါးစေရန် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေးကလည်းကောင်း၊ လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၏ လဲချားမြို့ နယ်၊ လွိုင်လင်- ပန်ကေတု-သီပေါ လမ်းပေါ်ရှိ မိုင်တိုင်အမှတ် 48.5kmနှင့်  49 km အကြားရှိ နမ့်တောင်း တံတားနှင့် မိုင်တိုင်အမှတ် 57 km နှင့် 57.7 km ကြားရှိ ဟိုနားတံတားအား နှစ်လမ်းသွား RC ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်တွင် ကျန်ရှိနေသော မုဒုံ(၁)- ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့ သဲကျောက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)