Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ​ရွှေနှင့်မြ မင်္ဂလာ ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်

ကျုံပျော်  ဖေဖော်ဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့နယ် မြို့ချောင်းကျေးရွာ အ.လ.က ရှိ ​ရွှေနှင့်မြ မင်္ဂလာစာသင်ကျောင်းဆောင်သစ်အား ယနေ့နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဆရာကြီးဦးအေးထွန်း၊ အလှူရှင် ဦးအောင်​ရွှေ+ ဒေါ်မြမြလင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကျောင်းဆောင်သစ်အား ကြည့်ရှု ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍသည် အထူးအရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဖွံ့ဖြိုးရန် လိုအပ်လျက်ရှိသော ကျေးရွာစာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် အထူးပင် ဝမ်းမြောက်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အလှူရှင်များကိုယ်စား ဦးနေလင်းက လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး၊ အလှူရှင်များက ကျောင်းဆောင်သစ်ကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ​ရွှေနှင့်မြ မင်္ဂလာကျောင်းဆောင်သစ် ပေ ၆၀ × ၃၀ ကို ဦးအောင်​ရွှေ+ ဒေါ်မြမြလင်း မိသားစု (Chaungther Lodge Hotel, Bagan Lodge Hotel ၊ စိန်ခဲ၊ ​ရွှေခဲ၊ ငွေခဲ၊ ပုလဲ ငါးငံပြာရည်နှင့် Golden Dragon Sauce Com.L,td ) တို့က ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်ဟောင်း နှစ်ခုပြုပြင်ခြင်း အပါအဝင် စာရေးခုံများ၊ စင်္ကြန်လမ်းနှင့် သန့်စင်ခန်းများ ပြုလုပ်ခြင်းတို့အတွက် စုစုပေါင်း ငွေကျပ်သိန်း (၅၃၀) လှူဒါန်းခဲ့ကြောင်း၊ သိရသည်။

နေဝင်း(ပြန်/ဆက်)