ကျောင်းကုန်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေး၊ မြို့အဝင်၌ တည်ဆောက်ပြီးစီးသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီခွဲက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေနှင့် တည်ဆောက်ရေးကော်မတီမှ ဒေါက်တာသန်းနိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်အပေါင်းအား အလေးပြုခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းဝင်းထွန်းက တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတည်ဆောက် ရေးအတွက် အလှူရှင်များ ကိုယ်စား ရန်ကုန်ရောက် ကျောင်းကုန်းသားများ အသင်းမှ ဦးတင်စိုး က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသည် အမြင့် ၉ ပေ ၄ လက်မ ရှိပြီး ကြေးပိဿာချိန် (၄၀၀)ခန့်ရှိကာ စုစုပေါင်းကုန်ကျငွေ ကျပ်(၂၄၀)သိန်းဖြစ်ကြောင်း တည်ဆောက်ရေး ကော်မတီထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)