Skip to main content

Coronavirus Disease 2019(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၀) ကျင်းပ (၁၃-၂-၂၀၂၀ ရက်နေ့၊ နံနက် ၈:၃၀ နာရီ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၀) ကို ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှဦးဆောင်၍ ကျင်းပခဲ့ပါသည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က လမ်းညွှန်ပြောကြားရာတွင် -

- ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လိုအပ်သော Isolation (သီးသန့်ခွဲခြားထားရှိခြင်း) နှင့် Quarantine (အသွားအလာတားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း) ကိုလုပ်ဆောင်ရာတွင် ပြည်သူများကပူးပေါင်းဆောင်ရွက်လာစေရန် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအား အသက်ဝင်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီး နည်းဥပဒေပြဌာန်း ရန် လိုအပ်ကြောင်း၊

- ယခုလက်ရှိ ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံသယလူနာနှင့် စောင့်ကြည့်လူနာများ အတွက် ဆေးရုံဆင်းရာတွင် ကိုက်ညီရမည့်အချက် (Discharge Criteria) များသတ်မှတ်ခြင်း၊ လမ်းညွှန် မှာကြားခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) ကို လိုအပ်သလို ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

- ပြည်သူလူထုအတွင်း လူတန်းစားအမျိုးမျိုးထိ ကျန်းမာရေးအသိပညာပေးရောက်ရှိနိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ လူစုလူဝေးများသောနေရာများတွင် ကျန်းမာ ရေးပညာပေးခြင်း (Health Talks) များ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

- UNICEF အဖွဲ့၏ အကူအညီဖြင့် သတင်းအချက်အလက်များကို ကချင်၊ ရှမ်း၊ ဝ၊ ကိုးကန့် တိုင်းရင်းသားဘာသာများဖြင့် ကျန်းမာရေးအသိပညာပေးနိုင်ရန် အမြန်ဆုံးစီစဉ်စေလို ကြောင်း၊

- တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ကူးစက်ရောဂါဗေဒဆိုင်ရာရှု ထောင့်မှ (Epidemiology Perspective) ဖြင့်သုံးသပ်ချက်များအပေါ် အသေးစိတ်လေ့လာထားရန် လိုအပ်ကြောင်း၊

- လူနာအခြေအနေခွဲခြားသတ်မှတ်ခြင်း Triage of patient COVID-2019 နှင့်ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများအား တိုင်း ဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံတိုင်းတွင် အလွယ်တကူအသုံးပြုနိုင်စေရန် အသိပေး ဆွေးနွေးပွဲများ ပြုလုပ်စေလိုကြောင်း၊

- အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) တွင်ပါဝင်သူများအတွက် လုပ်ငန်းခွင် ခွင့် သတ်မှတ်ခြင်းအပါအဝင် လိုအပ်သည့်ထောက်ပံ့မှုများ ရရှိစေရေး စီစဉ်ထား ရန်လိုအပ်ကြောင်း၊

- Emergency Operation Centre (EOC) Hot Line Service ကို ၂၄ နာရီ ပိတ်ရက်မရှိ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်နေပြီး ကုသရေးဉီးစီးဌာန၏ EOC Network နှင့် ချိတ်ဆက်ဆောင် ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ အကြောင်းကြားထား ရမည်ဖြစ်ကြောင်း၊

- ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် Personal Protective Equipment (PPE) အပါအဝင် ဆေးနှင့် ဆေးပစ္စည်း များအား ဆေးရုံများသို့ဖြန့်ဝေနိုင်မှု အခြေအနေ၊ လက်ကျန် အခြေအနေ၊ (Resource mapping) နှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ (Development Partners) များနှင့် ချိတ်ဆက်ဆောင်ရွက်ထားမှု အခြေအနေကို နေ့စဉ်သုံးသပ်တင်ပြ ရန် လိုအပ်ကြောင်း၊

- ပြည်သူလူထုအား Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးရာတွင် အင်တာနက် အသုံးပြုမှုနည်းပါးသော ကျေးလက်တောရွာများအထိ ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်မှုအခြေအနေများနှင့် UNICEF၊ MRCS စသည့်အဖွဲ့အစည်း များ ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် တက်ရောက်နေသော စောင့်ကြည့်လူနာများ၏ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်ကြောင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့ လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေ များနှင့် ထူးခြားဖြစ်စဉ်များ၊

• မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇) ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှု သည့်အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့် လူနာမတွေ့ရှိခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့၊ နံနက်ပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိမှု၊

• (၁၂-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည့် တရုတ် သုတေသနရေယာဉ် XIANG YANG HONG 06 တွင်ပါဝင်သည့်သူများအား ကျန်းမာရေး စစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ရာတွင် ဖျားနာလူနာများ မတွေ့ရှိမှု စသောအခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြား ရေးမှူး (ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Ref: Ministry of Health and Sports, Myanmar