Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၇

နေပြည်တော်မြို့တော်ဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊  ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးရွှေလေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်သည် စီးပွားရေး၊ လူမှုရေးအရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်အား ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သဖြင့် ယခုအခါ ၁၅ နှစ်နှင့် ၆ လရှိပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ယခင်က မြန်မာနိုင်ငံ၏ အစိုးရ ရုံးစိုက်ရာမြို့တော် ဖြစ်သော်လည်း ယခုအခါ စီးပွားရေး ကုန်သွယ်မှုအဓိက ဆောင်ရွက်လျက် ရှိသည့် မြို့တော်ဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့သည်လည်း ယခင်က မင်းနေပြည်တော် ဖြစ်ခဲ့ပြီး အထက်မြန်မာ နိုင်ငံ၏မြို့တော်ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း အချက်အခြာ ကျသည့် မြို့တော် ဖြစ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေရန် မြို့တော်အား တိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်အား မပြည့်မစုံဖြင့် စတင်ဆောင်ရွက် ခဲ့ရသော်လည်း ယခုအခါ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံမှုများ ရှိလာပြီဖြစ်ကြောင်း၊ သို့သော် ယခုထက်ပိုမိုပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့အားလုံး၏ စံပြမြို့တော် တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း။

ပေါင်းစပ်တည်ဆောက်ထား
နေပြည်တော်အား သီရိ ၅ မြိုနယ်နှင့် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့် မြို့များနှင့် ပေါင်းစပ် တည်ဆောက်ထားပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်း ၂၇၂၅ စတုရန်းမိုင် ကျယ်ဝန်းကြောင်း၊ လူဦးရေအားဖြင့် ၁ ဒသမ ၁၄၈ သန်းခန့်နေထိုင်ပြီး မြို့နေ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မြို့နေလူဦးရေတွင် အစိုးရဝန်ထမ်းများ ရာခိုင်နှုန်းအားဖြင့် များပြားပြီး ကျေးလက်နေ ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံ၍ အခြေခံအားဖြင့် ရိုးရှင်းသည့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြ သူများဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီဒေသ တွင် အကြမ်းဖျဉ်းအားဖြင့် တစ်နှစ် လျှင်မိုးရွာရက် ၈၀ မှ ၉၀ ကြားပတ်ဝန်းကျင်ရှိပြီး မိုးရေချိန် လက်မ ၅၀ ပတ်ဝန်းကျင် မိုးရွာသွန်းသဖြင့် ရက်ပေါင်း ၂၀၀ ကျော်ခန့်မှာ နေသာသည့် ရက်များဖြစ်ပြီး အပူချိန်အားဖြင့် အနိမ့်ဆုံး ၁၀ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ် ရှိသဖြင့် ရာသီဥတုမျှတကောင်းမွန်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဥယျာဉ်ခြံမြေဧကပေါင်း ၁၀၆၀၀ ၊ လယ်မြေ ၁၇၆၄၀၀၊ ယာမြေ ၁၂၇၉၀၀ ကျော်ရှိပြီး အဓိက အားဖြင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ကြံများ စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးအနေဖြင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်နှင့် ငါးများကို မွေးမြူကြကြောင်း။ နေပြည်တော် ကောင်စီနယ်မြေ အတွင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်နှင့် သစ်တော တက္ကသိုလ် စသည့် အဓိကတက္ကသိုလ် ၃ ခုရှိပြီး စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများရှိကြောင်း။
နေပြည်တော် ကောင်စီနယ်မြေအတွင်း ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်နှင့် သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့သည့် ဒီမိုကရေစီ ပထမအစိုးရ လက်ထက်တွင် သရက်စိုက်ပျိုးရေးဇုန်များနှင့် မွေးမြူရေးဇုန်များ သတ်မှတ် ဆောင်ရွက်ပေးခဲ့ ကြောင်း၊ တပ်ကုန်းမြို့တွင်လည်း မွေးမြူရေးနှင့် ပတ်သက်၍ မြေဧရိယာ ၇၀၀ နီးပါး ခွင့်ပြုပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် မြေဧရိယာများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ရှိသည့် ဌာနများမှ ပြန်လည်စိစစ်ဆောင်ရွက်ရန် လိုကြောင်း။

အကျိုးပြုနိုင်မည်ဖြစ်
နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမနှင့် အနောက်ရိုးမအကြားတွင် တည်ရှိပြီး မြစ်ချောင်းများပေါများသဖြင့် စိုက်ပျိုးရေးအတွက် မြေဩဇာများကောင်းမွန်သောကြောင့် စိုက်ပျိုးမြေကောင်းမွန်သော နေရာဒေသဖြစ်သဖြင့် စိုက်ပျိုးရေးတက္ကသိုလ်နှင့် သုတေသန ဌာနများအား ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ မြစ်ချောင်းများ ပေါများပြီး ရေခံ၊ မြေခံများ ကောင်းမွန်ခြင်းကြောင့် ၁၂ လရာသီ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် များရှိခြင်းကြောင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများမှ အထွက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စိုက်ပျိုးရေများ သုံးစွဲရာတွင် Drop စနစ်နှင့် Sprinkler စနစ်များဖြင့် သုံးစွဲရန်လိုကြောင်း၊ ထိုသို့သုံးစွဲနိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား များထုတ်လုပ်နိုင်ရေးအတွက်လည်းရှိပြီးသားရေလှောင် တမံများနှင့် ဆည်များရှိ ရေမျက်နှာပြင် ဧရိယာများပေါ်တွင်ပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်း များကိုလည်း အကျိုးပြုနိုင်မည် ဖြစ်ကြောင်း။

စနစ်တကျတွက်ချက်
ထို့ပြင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ အလားတူ မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းတို့တွင် ဝါများ စိုက်ပျိုးကြပြီး နေပြည်တော် ကောင်စီနယ်မြေ အတွင်းတွင်လည်း ဝါစိုက်ပျိုးမှုများရှိကြောင်း၊ ဝါကုန်ကြမ်းများပေါ်တွင် အခြေခံ၍ နေပြည်တော်နယ်မြေအတွင်း ချည်မျှင်နှင့် အထည်စက်ရုံများ တည်ဆောက်ပြီး ထွက်ရှိလာသည့် ချည်မျှင်နှင့် အထည်များမှတစ်ဆင့် အထည်အလိပ် လုပ်ငန်းများနှင့် အထည်ချုပ် လုပ်ငန်းများအထိ အဆင့်ဆင့် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ လျှပ်စစ်ဓာတ်အား မပြတ်ရရှိနေပါက လျှပ်စစ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပါဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့ပြစီမံကိန်းများတွင် စနစ်တကျတွက်ချက် ဆောင်ရွက်ရန် လိုကြောင်း။

လူသားအရင်းအမြစ်များမွေးထုတ်
နိုင်ငံတော် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် အုပ်ချုပ်ရေးယန္တရားအပေါ် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရမည် ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် မြို့တော်အဖြစ်ဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ တရားရေး၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေး ဆိုင်ရာများနှင့် သက်ဆိုင်သည့် သင်တန်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြား ပေးနိုင်ရန်အတွက် ထည့်သွင်းစဉ်းစား ကြရန်လိုကြောင်း၊ တက္ကသိုလ်များတည်ဆောက်ရာတွင် ပတ်ဝန်းကျင်ကောင်းသည့် နေရာတွင် တည်ဆောက်ရန်လိုကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် အာရှနိုင်ငံများတွင် တည်နေရာအားဖြင့် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့်တက္ကသိုလ်များ တည်ဆောက်ရန်အတွက် နေရာများရွေးချယ်ရာတွင် နေရာရွေးချယ်မှု မှန်ကန်စေရေး အဘက်ဘက်မှ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း။

မြို့တော်သာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံအကြောင်းအရာများအား ထည့်သွင်းစဉ်းစား၍ မြို့တော်သာယာလှပ စည်ကားစေရေး ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း နေပြည်တော်သည် ဗဟိုဌာန ဖြစ်ရမည်ဖြစ်သဖြင့် စနစ်တကျစီမံခန့်ခွဲရန် လိုကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရာတွင် လေကြောင်း ကုန်စည် သယ်ယူပို့ဆောင်ရေးစနစ်(Cargo) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အထိပါ ထည့်သွင်း တွက်ချက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ထုတ်ကုန် များအားလေဆိပ်သို့ အလွယ်တကူ ပို့ဆောင်နိုင်သည့် နေရာများရွေးချယ်ရန် လိုအပ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေတွင် လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သဖြင့် မြို့ပြစီမံကိန်းများ တည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကား လမ်းများ၊ လျှပ်စစ်ဘတ်စ် ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက် နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက် ထားရန်လိုကြောင်း၊ နေပြည်တော်ဘူတာကြီးအား တစ်နိုင်ငံလုံး၏ ဗဟိုချက်ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လေကြောင်းပို့ဆောင်ရေး စနစ်များသည်လည်း နေပြည်တော်ကို ဗဟိုပြု၍ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိလမ်းများ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ဝန်ထမ်း အိမ်ယာများ စည်ကားစေရေးအတွက်လည်း ရပ်ကွက်များ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပလက်ဖောင်းများ စနစ်တကျပြုပြင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သာမန်လူနေ ရပ်ကွက်များတွင် အိမ်ယာများဆောက်လုပ်ရာ၌ အထပ်မြင့် ဆောက်လုပ်မှု၊ လမ်းအကျယ်၊ လူနေဧရိယာများနှင့် ပန်းခြံများဆောက်လုပ်နိုင်ရေး အတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ စီးပွားရေး၊ စက်ရုံ အလုပ်ရုံများ၊ သန့်ရှင်းသာယာလှပရေးနှင့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့တွင် စံနမူနာပြ ဖြစ်ရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကမ္ဘာလှည့် ခရီးသည်များ လည်ပတ်နိုင်သည့် ဥပ္ပါတသန္တိ စေတီတော်၊ သတ္တသတ္တာဟ စေတီတော်၊ မဟာသကျရံသီဘုရား၊ လက်ရှိ တည်ဆောက်နေသည့် မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် တိုင်းရင်းသားကျေးရွာ၊ ရေပန်းဥယျာဉ်နှင့် တိရစ္ဆာန်ဥယျာဉ်တို့ ရှိသော်လည်း ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်သည့် တာဝါကဲ့သို့သော အဆောက်အဦများ ထပ်မံတည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ကမ္ဘာကြီးတစ်ရှိန်ထိုး တိုးတက်နေသကဲ့သို့ မိမိတို့နေပြည်တော် ကောင်စီနယ်မြေသည်လည်း အမြဲမပြတ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော် ပြည်ထောင်စု နယ်မြေဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေအနေ၊ ဒေသတွင်း ဝမ်းစာဖူလုံမှု၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန် လိုအပ်သည့် ကဏ္ဍများကို   ရှင်းလင်းတင်ပြသည်။

ဖြည့်စွက်ရှင်းလင်းတင်ပြ

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများက   သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်း လင်းတင်ပြကြသည်။

ထည်းသွင်းစဉ်းစားဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီအောင် လက်တွေ့ကျသည့် အခြေခံ အချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေပြည်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးကဏ္ဍတို့တွင် စံပြမြို့တော် ဖြစ်စေရေးအတွက်  လိုအပ်သည့် သိပ္ပံကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အောင်ချက်မြင့်မား စေရေးတို့အတွက် စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် နေပြည်တော်၌ မြို့နေလူဦးရေတိုးပွားပြီး မော်တော် ယာဉ်များ၊ မီးရထားများ၊ လျှပ်စစ်ရထားများ၊ လျှပ်စစ်ကားများ တိုးချဲ့ပြေးဆွဲ လာသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။

လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကနိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် နေပြည်တော်ဖွံ့ဖြိုးရေးအတွက် ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ပြီး နေပြည်တော်အား စံပြအဖြစ်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး မြို့သည် သန့်ရှင်း သပ်ရပ်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ရရှိရန်လိုအပ်ပြီး လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းများနှင့် မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထား လမ်းများဖြင့် မြို့အားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော် အတွင်း လျှပ်စစ်ဘတ်စ်ကားနှင့် လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေးဆောင်ရွက်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အသုံးပြုနိုင်သည်အထိ ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အဓိကအားဖြင့် နေပြည်တော်ရှိ ပြည်သူလူထု၏ ဘဝမြှင့်တင်ရေး အထောက်အကူရရှိစေရန် ဦးတည် ဆောင်ရွက်သွား ရန်လိုကြောင်း၊ နေပြည်တော်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရေး များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အတွက် တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်း၊ ပညာတတ်မှသာ အတွေးအခေါ်များ မြင့်မားပြီး ကျွမ်းကျင်အလုပ်သမား Skill Labour များကို မွေးထုတ်ပေး နိုင်မည်ဖြစ်ကြောင်း။

ကြိုတင်တွက်ချက်ဆောက်လုပ်

နေပြည်တော် ကောင်စီအနေဖြင့် စီမံကိန်းအလိုက်ပေးထားသည့် မြေနေရာများတွင် လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်နေရန် လိုကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ Skill Labour များရရှိစေရေး Certificate များဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပစ္စည်းများ နိုင်ငံအတွင်း၌ ဈေးကွက် ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းများဖောက် လုပ်မှုနှင့်ပတ်သက်၍ လမ်းများမှာ နိုင်ငံတကာမှ လက်ခံသည့် စံချိန်စံညွှန်း မီရန်လိုအပ်ကြောင်း၊ နောင်တစ်ချိန်တွင် လမ်းများ တိုးချဲ့နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တွက်ချက် ဆောက်လုပ်ရန်လိုသကဲ့သို့ လမ်းပခုံးများ ထည့်သွင်းတည်ဆောက် ရာတွင်လည်း လမ်းများ၏အဆင့်အလိုက် အဆင့်မီအောင် ထည့်သွင်းဆောင်ရွက် ရန်လိုကြောင်း။

နေပြည်တော်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာလျော့နည်း ကျဆင်းမသွားရန် ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ရာသီဥတုမျှတ မည်ဖြစ်ကြောင်း၊ စိုက်သင့်သည့် နေရာများတွင် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ဇုန်နှင့် မွေးမြူရေးဇုန်များတွင် အမှန်တကယ် စိုက်ပျိုးမွေးမြူရန်နှင့် စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခေတ်မီသည့် စက်မှုလယ်ယာ စိုက်ပျိုးစနစ်ကို ဖော်ဆောင် သွားရန်နှင့် ဒေသခံတောင်သူများကို လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးပေးသွားရန်လိုကြောင်း၊ နေပြည်တော်ကို တစ်နိုင်ငံလုံး၏ စိုက်ပျိုးမွေးမြူရေးတွင် စံပြဒေသဖြစ်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင်  ရေ၊ မြေ၊ မျိုး၊ နည်းစနစ် ကောင်းမွန်ရန်လို အပ်ကြောင်း၊ တောင်သူများ သဘာ၀မြေဩဇာ အသုံးချနိုင်ရေး နိုင်ငံတော် အစိုးရအနေဖြင့် နည်းပညာ ကူညီဆောင် ရွက်ပေးရန် လိုအပ်ကြောင်း။

ပြည်ပသို့တင်ပို့

မွေးမြူရေးသုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ရေးကို အမြန်ဆုံး ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဘာသာရပ် သင်ကြားနိုင်ရေးကို စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မျိုးစေ့ပြပွဲများ၊ နွားပြပွဲများ ပြသနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူးရေးအပိုင်းတွင် အသားစားနွားနှင့် နို့စားနွား များကို အဓိကထား မွေးမြူသွားရ မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် နွားနောက် မွေးမြူရေးကို အောင်မြင်အောင် စနစ်တကျ ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားရန် လိုကြောင်း။

အလေးထားဆောင်ရွက်

နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာလှပမှသာ ခရီးသွားများကို ဆွဲဆောင် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အခမ်းအနားများကိုလည်း နေပြည်တော်တွင်သာ ကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အိမ်သာမှ ဧည့်လာ မည်ဖြစ်ကြောင်း၊ သို့အတွက် ဆက်သွယ်သွားလာမှုစနစ်တွင်လည်း နေပြည်တော် ကိုဗဟိုပြု၍ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရန် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ လည်း စံနမူနာပြ ကောင်းမွန်နေရန်လိုအပ်ကြောင်း၊ နေပြည်တော်တွင် လျှပ်စစ်ကားပြေးဆွဲ နိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စာတိုက် စနစ်နှင့် ပတ်သက်ပြီး ကောင်းမွန်နေရန်နှင့် စာဖြန့်ဝေမှုစနစ် လျှင်မြန်သွက်လက်စေ ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထက်ပေါင်းလောင်းဆည်တွင် ငါး၊ ပုဇွန် မွေးမြူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက် သွားရန်လိုကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မီးရထားပြတိုက်တည်ဆောက် နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပ စိမ်းလန်း၊ စိုပြည်သည့် မြို့တော်တစ်ခုဖြစ်စေရေးအတွက် အဖက်ဖက်မှ စဉ်စားသုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်