Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) သို့ သွားရောက်၍ အိမ်ရာတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ အေးသာယာ၊ ဟဲဟိုး၊ ကလောတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) သို့ သွားရောက်၍ အိမ်ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ထောက်ချုပ်ရုံးမှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်က အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းများအား နေရာချထားပေးမှုနှင့် ဆက်လက်နေရာချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ရေနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများသည် အရေးကြီးသည့် တပ်မတော်၏ အင်အားတစ်ရပ်ဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းများ၏ အရေးကိစ္စများကို ဂရုတစိုက်ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ အိမ်ရာနေစစ်မှုထမ်းဟောင်းမိသားစုများ နေထိုင်၊ စားသောက်၊ သွားလာမှုအဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးမည့်အခြေအနေများ၊ အိမ်ရာဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် စနစ်တကျစီမံဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများကို လမ်းညွှန်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းရှိ သက်သာချောင်ချိရေးအရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး စစ်မှုထမ်းဟောင်းမိသားစုဝင်များအား စက်ချုပ်နည်းပညာသင်တန်း သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် အိမ်ရာဝန်းအတွင်းရှိ တည်ဆောက်ပြီးစီးနေသည့် နေအိမ်တိုက်ခန်းများနှင့် တည်ဆောက်ဆဲတိုက်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာတွင် နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အေးသာယာ၊ ဟဲဟိုး၊ ကလောတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။