Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၃၀

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်း ဖြစ်ပေါ်လာပြီး ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ အစည်းအဝေးများ ပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအား အားလုံး တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ကူးစက်မှုရှိခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက် မှုရှိခဲ့ကြောင်း၊ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဩဂုတ်လအတွင်း ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်အထိ ကျဆင်းစေရန် အတွက် ပထမအဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလ ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရသည့် အတွက် မိမိတို့မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရကြောင်း၊ ထိုသို့ကူးစက်မှုနှုန်းများ ကျဆင်းရခြင်းသည် ပြည်သူများ၏ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ ညီညီညာညာဖြင့် တက်ညီလက်ညီ ဆောင်ရွက်ပေးမှုများကြောင့် ဖြစ်ကြောင်း။

ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့ချိန်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း တစ်ဦးချင်း အလှူရှင်များ၊ အဖွဲ့အစည်းများအလိုက်အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့မှ စီမံ ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင် လိုအပ်ချက်များကို လျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများမှ လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်စည်းကမ်းများ လိုက်နာမှုနှင့်ပတ်သက်၍ နယ်စပ်တိုင်းဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးများ အထူးသဖြင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်လာချိန်တွင် တာဝန်ရှိသူ များအား သတင်းပေးပို့မှုမရှိဘဲ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင် ရောဂါကူးစက်ခံရသူများ ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ပြန်လည် ဝင်ရောက်လာ သူများအား တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည့် စစ်ဆေးမှုများနှင့် အကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းပြီး တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိမှု၊ ထိုးနှံမှုတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် “ဆေးနဲ့ပတ်သက်ပြီး ပြောရရင်တော့ မနေ့ကအထိ တရုတ်နိုင်ငံကနေပြီးတော့ ဆေး ၆ ဒသမ ၅ သန်း ရောက်ပါတယ်၊ လှူတာ ၂ ဒသမ ၅ သန်းရှိပါတယ်၊ နောက်ဝယ်တာက ၄ သန်း၊ အားလုံးပေါင်း ၆ ဒသမ ၅ သန်း ကျွန်တော်ဆီရောက်ပါတယ်၊ တရုတ်က ဆေးပေါ့။ အိန္ဒိယကနေပြီးတော့ လှူတာက တော့ ၁ ဒသမ ၇ သန်း လှူတယ်၊ ၂ သန်းက တော့ဝယ်တာဖြစ်ပါတယ်၊ အားလုံး ပေါင်း ၃ ဒသမ ၇ သန်းရောက်ပြီ ဖြစ်ပါတယ်၊ စုစုပေါင်း ၁၀ ဒသမ ၂ သန်းရှိပါတယ်။ ဒါလည်း မနေ့ကရောက်တဲ့ဆေးဆိုရင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြည်နယ်နဲ့တိုင်းတွေကို တောက်လျှောက်ကို ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ ပို့နိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ယာဉ်တွေ ထုတ်ပြီး ကျွန်တော်ပို့ခိုင်းထားပါတယ်၊ ရာသီဥတု ကောင်းရင်လည်း ကောင်းတဲ့အလျောက်ပေါ့။ အဲဒီတော့ အဓိကကတော့ ကိုယ့်ဆီရောက်လာရင် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ အောက်ခြေအဆင့်အထိရောက် အောင် ပြည်နယ်များက၊ တိုင်းများကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးဖို့ပါ၊ ဆောင်ရွက်ပေးဖို့ဆိုတာ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့တွေအနေနဲ့ကတော့ စီမံခန့်ခွဲ တာလုပ်ပေါ့၊ ယာဉ်ယန္တရားတွေကတော့ လိုအပ်ရင် ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ ဒီကနေပြီးတော့ တတ်နိုင်သမျှ Real Time ဖြစ်စေချင်ပါတယ်၊ အချိန်နှင့် တပြေးညီဖြစ်စေချင်ပါတယ်။ တစ်ရက်စောထိုးရင် တစ်ရက်အကျိုးရှိပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ချက်တွေကြည့်လို့ရှိရင် ဆေးထိုးထားတဲ့ သူတွေက ဆေးမထိုးထားတဲ့လူတွေထက် ရောဂါကို ခံနိုင်ရည်ပိုရှိတယ်၊ မဖြစ်ဘူးလို့တော့ အရှင်း မပြောပါဘူး။ သို့သော်လည်း ဖြစ်နိုင်ခြေ နည်းတယ်၊ ဖြစ်ရင်တောင်မှ ခံရမှုနည်းတယ်၊ အဲဒီတော့ ဖြစ်တယ် ဆိုရင်လည်း ဥပမာအားဖြင့် ပြင်းထန်တဲ့ရောဂါနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုကျတော့ အထိုက်အလျောက် သူကနည်းနည်း နည်းတာကိုတွေ့ပါတယ်။ အောက်ဆီဂျင် ပေးရတာ၊ ဆေးပေးရတာကိုကအစ သူက သက်သာတာကို တွေ့ရတယ်” ဟု ပြောကြားသည်။

ယင်းနောက် ယခုထပ်မံရောက်ရှိသည့် ကာကွယ်ဆေးများထိုးနှံပြီးချိန်တွင် ကာကွယ်ဆေး  ထိုးနှံပြီးသည့် အရေအတွက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များလည်း မကြာမီအချိန်အတွင်း ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ဆေးများထပ်မံရောက်ရှိချိန်တွင်လည်း ပြည်သူများအား အချိန်နှင့် တပြေးညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရေးအတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှသာမက အခြားမိတ်ဆွေနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှလည်း လှူဒါန်းပေးမှုများရှိကြောင်း၊ အာဆီယံ အဖွဲ့မှလည်း လှူဒါန်းပေးသည့် ပစ္စည်းများ မကြာမီပို့မည်ဟု ပြောကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကူညီပေးသည့် နိုင်ငံများကို လည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် အားလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေး သည် အရေးကြီးသည့် အတွက် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များအသုံးပြုမှု စနစ် မကျမှုကြောင့် အသုံးပြုသူများ အသက်အန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေး တိုက်တွန်းဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မိမိတို့နယ်မြေ အတွင်း အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အခြားလိုအပ်သည့် ပစ္စည်းများ ရရှိစေရေး အတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ကန့်သတ်ချက်များရှိ၍ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်မားလာမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ၊ အခြေခံစားကုန်များကို ပြည်တွင်း၌ ထုတ်လုပ်သည့် နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုများ မဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက စိုက်ပျိုး မွေးမြူရေးနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်မှုများ ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များဖြန့်ဝေ ရောင်းချပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူများ၏ စားရေးအဆင်ပြေရန် အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြည်သူများ စားရေးအဆင်ပြေစေရေး ယခုထက်ပိုမို ဆောင်ရွက်ကြရန်အတွက် တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်းများ အားလျော့မသွားအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

စိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးစေရန်အတွက် ဓာတ်မြေဩဇာများရရှိရန် လိုအပ်သဖြင့် ပြည်ပမှတင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေသများအလိုက် သဘာဝ ဓာတ်မြေဩဇာများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော် ပေးရန်လိုကြောင်း၊ သဘာဝဓာတ်မြေဩဇာ များကို အသုံးပြု၍ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် ရှိပြီးသား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ပြည်နယ်နှင့်တိုင်းများအလိုက် တိုက်တွန်းဆောင်ရွက်ကြရန်လို ကြောင်း၊ ယခုကာလတွင် မိုးကောင်းစွာရွာသွန်းပြီး ရာသီဥတုများကောင်းမွန်လျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးချုပ်များ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများထံ ကွင်းဆင်းအားပေးဆောင်ရွက် ရန်လိုကြောင်း၊ အားလုံးဝိုင်းဝန်းပြီး အင်ပြည့်အားပြည့် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်၍ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ရေးများ အဆင်ပြေပြီး ဝင်ငွေများ ကောင်းမွန်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလျက်ရှိသည့် အခြေအနေ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မားလျက် ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး (Stay at home) ထားရှိ၍ ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့် မြို့နယ်များအား ပြန်လည်ဖြေလျော့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ရောဂါပိုးကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် အုပ်စုများအလိုက် ခွဲခြား စစ်ဆေးမှု၊ ထိန်းချုပ်မှုများကို အထူးအလေးထား ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များ၊ ရပ်ကွက်များ အတွင်းထိ ရောဂါပိုး ကူးစက်မှုအခြေအနေများကို စစ်ဆေးဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေ၊  နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာ သူများကို စနစ်တကျ စစ်ဆေး လက်ခံပေးလျက်ရှိသည့် အခြေအနေနှင့် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်ဝင်ရောက် နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေအနေ၊ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိ လာမည့် အခြေအနေနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကာကွယ်ဆေး လစဉ် ၁၀ သန်းခန့် ထပ်မံရောက်ရှိလာမည့် အခြေအနေ၊ ရောက်ရှိလာမည့် ဆေးဝါးများကို အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် အသက်အရွယ်အပိုင်းအခြား အလိုက် သတ်မှတ်ဆောင်ရွက် သွားမည့် အခြေအနေ၊ မသန်စွမ်းသူများ၊ ရောဂါ အခံရှိသူများကို ဦးစားပေးစာရင်းတွင် ထည့်သွင်းထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

လက်ရှိရောဂါပိုးအတည်ပြုလူနာများကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများတွင် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေး ဝန်ထမ်းများ ရောဂါပိုးကူးစက်ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် လိုအပ်သည်များ ထောက်ပံ့ပေးအပ်မှု အခြေအနေ၊ ပြည်သူများအားလုံး ကာကွယ် ဆေးပြည့်ဝ စွာထိုးနှံနိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေ၊ ကာကွယ်ဆေးများ ရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုဗစ် - ၁၉ ကာကွယ်ဆေးများနှင့် ဆက်စပ်ဆေးဝါးများ၊ ပစ္စည်းများ ပေးပို့ လှူဒါန်းရန် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေ၊ နယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ တစ်နေ့တာ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်မှုနှင့် တစ်နေ့တာအတွက် အောက်ဆီဂျင် လိုအပ်မှု အခြေအနေ၊ ပြည်ပနိုင်ငံများမှ Liquid Oxygen များ တင်သွင်းခဲ့မှုနှင့် လက်ရှိ  အခြေအနေတွင် တင်သွင်းရန်လိုအပ်ချက်လျော့ကျလာမှု အခြေအနေ၊ နေအိမ်တွင် နေထိုင်ရေး (Stay at home) ထားရှိသည့် မြို့နယ် ၁၂၉ မြို့နယ်မှ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ သည့် မြို့နယ် ၅၃ မြို့နယ်အား ဩဂုတ် ၂၇ ၊ ၂၈ နှင့် ၂၉ ရက်တို့တွင် Spot Check ဖြင့် ရောဂါ ပိုး စစ်ဆေးခဲ့ရာ ၂၇ ရက်တွင် လူဦးရေ ၆၂၉၂ ဦးကိုစစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၂၀၇၁ ဦး၊ ၁၇ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၂၈ ရက်တွင် လူဦးရေ ၁၇၉၃၀ ဦးစစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၁၄၇၈ ဦး၊ ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ ၂၉ ရက်တွင် ၃၅၀၇ ဦး စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၇၆၄ ဦး၊ ၅ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည့်အတွက်  ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့ကျလာသည်ကို တွေ့ရှိရသည့် အခြေ အနေနှင့် Spot Check ဆက်လက်ဆောင်ရွက်နေမှု အခြေအနေ၊ Relif Flight များ ပြေးဆွဲ၍ လူပုဂ္ဂိုလ်နှင့် ဆေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေ၊ ပြည်တွင်းလေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ်နှင့် မီးရထားခရီးစဉ် များအား စဉ်ဆက်မပြတ်ပြေးဆွဲလျက်ရှိသည့် အခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင် ပြည်ပ နိုင်ငံအသီးသီးမှ ကုန်သေတ္တာနှင့် စက်သုံးဆီများ ဝင်ရောက်နေမှု အခြေအနေ၊ ပြည်ပ သို့ ကုန်စည်များ ပို့ဆောင်ပေးနေမှုအခြေအနေနှင့် နယ်စပ်ဂိတ် အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည့် အခြေအနေ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို Telephone message များမှတဆင့် ပေးပို့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပြည်သူများထံသို့ လျင်မြန်စွာရောက်ရှိစေရေးအတွက် FDA ထောက်ခံမှု မလို သည့် ပစ္စည်းများအား ဖြေလျော့မှုများပြုလုပ်၍ လျင်မြန်စွာ ထုတ်ယူခွင့်ပြုထားသည့် အခြေအနေ၊ FDA ထောက်ခံချက်ရယူရန် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း လျင်မြန်စွာ ထုတ်ယူရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ရောက်ရှိပြီး ဆေးနှင့်ဆေးပစ္စည်းများအား ကုမ္ပဏီအချို့မှ ထုတ်ယူရန် ကျန်ရှိနေမှုနှင့် အမြန်ဆုံး လာရောက်ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ရန်ပုံငွေမှ သုံးစွဲထားရှိမှု အခြေအနေ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သတင်းနှင့်  ပညာပေးအစီအစဉ်များ ထုတ်လွှင့်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းရင်းသားဘာသာစကားများနှင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ တောင်းဆိုလာသည့် ကျန်းမာရေး ပညာဗဟုသုတများနှင့် အခြားအစီအစဉ်များကိုလည်း ပြန်လည်ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေ။

တပ်မတော်ဆေးရုံများ၊ တိုင်းစစ်ဌာနချုပ်များအလိုက် ပိုးတွေ့လူနာများ၊ တက်ရောက်ကုသမှု အခြေအနေ၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပိုးတွေ့ လူနာများတွေ့ရှိမှု၊ တပ်မတော်ဆေးရုံများအလိုက် Oxygen Plant များမှ အောက် ဆီဂျင် ထုတ်လုပ်နိုင်မှု၊ သုံးစွဲရန်လိုအပ်မှု အခြေအနေ၊ ရောဂါပိုးတွေ့ရှိမှု များအား စောင့်ကြည့်၍ သုတေသနပြုလုပ်မှု၊ ဗီဇပြောင်းရောဂါပိုးများ ဆက်လက်တွေ့ရှိရမှု၊ ကာကွယ်ဆေး အမျိုးအစားများအလိုက် ရောဂါပိုးအား ကာကွယ်ပေးနိုင်မှု၊ ခုခံနိုင်မှု အခြေအနေ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေ၊ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရောဂါကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှု အခြေအနေ၊ နိုင်ငံအတွင်း မြို့နယ်များအလိုက် ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှု အခြေ အနေ၊ ရွေ့လျားဈေးကားများဖြင့် ပြည်သူလူထုအား ဈေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးနေမှုနှင့် ဆက်လက်တိုးချဲ့ ရောင်းချပေးသွားမည့် အခြေအနေ၊ တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက် လျက်  ရှိသည့် အခြေအနေ၊ ပြည်ပမှ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်း ရောက်ရှိမှုနှင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ အခြေခံအိမ် သုံးဆေးဝါးများ ထုတ်လုပ်ဖြန့် ဖြူးပေးနိုင်မှု အခြေအနေ၊ နိုင်ငံအတွင်း ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ ဆေးပစ္စည်းများ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေ၊ ဆေးဝါးများအား အလွယ်တကူဝယ်ယူနိုင်ရေး အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးလျက်ရှိမှုနှင့် ကုမ္ပဏီများ ထပ်မံပူးပေါင်းပါဝင်လာမှု အခြေအနေ၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်ပပို့ကုန်များ တင်ပို့လျက်ရှိသည့် အခြေအနေနှင့် လိုအပ်သည့် အခြေခံစားကုန်သုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှု အခြေအနေ။

မိမိတို့နိုင်ငံ၏ ကာကွယ်ဆေးရောက်ရှိမှု၊ ထိုးနှံပေးနေမှုနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို WHO Website တွင် ထည့်သွင်းဖော်ပြခဲ့သည့် အခြေအနေ၊ IDP Camp များတွင် ကာကွယ် ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံမှု၊ ရောက်ရှိမှု၊ ဆေးရုံတက်ရောက်ကုသမှု ခံယူမှုတို့ကို  စနစ်တကျ စာရင်းပြုစုဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူ ရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့စဉ် မလေးရှားနိုင်ငံမှ Relif Flight ဖြင့် သွားရောက်ခေါ်ယူခဲ့ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်၍ အမြန်ဆုံးခေါ်ယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအသစ်ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများသည်  တစ်ပုလင်းလျှင် 5 Dose နှုန်း ဖြစ်သဖြင့် ဆေးထိုးနှံရေးဆောင်ရွက်ကြမည့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတိပြုရန်လိုပြီး နှုန်းထားအလိုက် အတိအကျဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခင်ရောက်ရှိပြီး ဖြစ်သည့် ကာကွယ်ဆေးများကို ဦးစားပေး ထိုးနှံသွားရန်နှင့် ထပ်မံရောက်ရှိလာမည့် ဆေးများအား ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သုတေသနပြု စမ်းသပ်ဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းမှုမရှိနိုင်ဘဲ ရေရှည်သွားရမည့် အနေအထားတွင်ရှိသောကြောင့် ရေရှည်သုံးစွဲနိုင်သည်အထိ ရည်ရွယ်၍ စမ်းသပ် သုတေသနပြုမှုများကို မျက်ခြည်မပြတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ဆိပ်ကမ်း၊ စခန်းများအလိုက် ပစ္စည်းရောက်ရှိသည်နှင့် ထုတ်ဝေဖြန့်ဖြူးနိုင်ရေး ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ FDA ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းရမည့် ဆေးဝါးများကိုလည်း ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး မသမာမှုများမရှိစေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းနေရသည့် အခြေခံ စားကုန်၊ သုံးကုန် ပစ္စည်း များကို  ပြည်တွင်း၌ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည်များကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အခြေခံဆေးဝါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ပတ်သက်၍ “ဆေးကုန်သည်ကြီးများအသင်း၊ တချို့ကုမ္ပဏီတွေ ကနေ တိုက်ရိုက်ရောင်းပေး တာရှိတယ်၊ ရန်ကုန်မှာလည်း ကျွန်တော်တို့ ဆေးဆိုင်တွေ သီးခြားနေရာတစ်ခု သတ်မှတ်ပြီး ရောင်းပေးတာတွေရှိတယ်၊ ဈေးနှုန်းတွေလည်း ကျွန်တော်တို့က သတင်း စာထဲမှာလည်း ထည့်ပေးတယ်၊ ဆေးဈေးတွေ၊ အရေးကြီးတဲ့ဆေးတွေပေါ့။ အဲဒီတော့ ဘာပဲပြောပြော ဆေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့လက်ဝယ်မှာ အတိုင်းအတာ တစ်ခုထိ၊ အဆင်ပြေသွားပါတယ်။ ဒီအတွက်ကြောင့် ဒီဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်း ရှင်များအသင်းကို ကျေးဇူးတင်တဲ့အကြောင်း ကျွန်တော် ပြောလိုပါတယ်၊ သူတို့တွေ တကယ်ကို စေတနာထားပြီးလုပ်ပေးပါတယ်၊ အကျိုးအမြတ်ထက် ပြည်သူ့ အတွက် အထောက်အကူရအောင် ဆိုပြီးတော့ လုပ်ပေးတာပေါ့၊ စီးပွားရေး ဆိုတာကတော့ အကျိုးအမြတ်ရှိမှ လုပ်ချင်မှာပေါ့၊ သို့သော်လည်း ဒီဟာက အကျိုးအမြတ်က အဓိက မဟုတ်ဘဲနဲ့ကို လက်ဝယ်ကို ဈေးနှုန်းမှန်မှန်နဲ့ မြန်မြန်နဲ့ လုပ်ပေးတယ်၊ စေတနာနဲ့ လုပ်ပေးတဲ့ကိစ္စရပ်ဖြစ်ပါတယ်၊ အဲဒါကြောင့် သူတို့ကို ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလိုပါတယ်။

ဒီကိုဗစ် ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျလာတယ် လို့ပြောတယ်၊ ကျွန်တော်တို့က Figure လည်းတစ်ချက် ကြည့်တာပေါ့၊ စစ်ဆေးတဲ့ အရေအတွက်၊ နောက်တွေ့ တဲ့အရေအတွက် Percentage ၊ ကျွန်တော်တို့က ဒီဘက်က တွေ့တဲ့အရေအတွက်ကို ကြည့်တယ်၊ အဓိကကတော့ ဘာလဲဆိုတာကတော့ Field တွေမကျန်ဖို့လိုတယ်၊ ခုနကကျန်းမာရေးဝန်ကြီးလည်း ဆွေးနွေးတဲ့အထဲ မှာ ပါပါတယ်၊ Contact Person တွေပေါ့၊ Contact Person မဟုတ်ဘဲ သူတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပတ်သက် နေတဲ့သူတွေရှိတယ်၊ တချို့လည်း အိမ်မှာ ပြန်ပြီးနေကြတယ်၊ စောစောကကျွန်တော် ပြောလိုက်တယ်၊ ဥပမာအားဖြင့်- နယ်စပ် ဒေသမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်း တချို့ဒေသ တွေမှာ ရွာတွေပြန် နေကြတယ်၊ ဘာမှမပြောဘူး၊ ဖြစ်ခါမှ အကုန်လုံးကဖြစ်ပွားတဲ့ နှုန်းက တစ်အားများ လာတဲ့အခါ ကျမှ၊ စစ်ကြည့်တော့ အကြောင်းအမျိုးမျိုး နဲ့ပြန် ရောက်လာတဲ့သူတွေက သတင်း မပို့တာ၊ မစစ်ဆေးတာတွေတွေ့တယ်၊ ဒါကြောင့် ဒါတွေကိုလည်း ကြပ်ကြပ် မတ်မတ် စစ်ဆေးနိုင်ဖို့လိုပါတယ်၊ အရေးကြီးတာက စစ်ဆေးမှု နယ်ပယ်တွေမှာ မကျန်ဖို့ လိုတယ်၊ များများစစ်ပြီးတော့ အဖြေများများ သိမှသာ ကျွန်တော်တို့က ကိုဗစ် ထိန်းချုပ်ရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်၊ များများစစ်ဖို့လိုတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့ ဆေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ရှည်စွာဖြင့် နည်းစနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သော သူများသည် အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ် ခံယူရမည်ကို ကြောက်ရွံ့ထိတ်လန့်မှုများ ရှိသဖြင့် စစ်ဆေးမှုခံယူသူများကိုလည်း ကြောက်ရွံ့မှုမရှိစေရန် နားလည်သဘော ပေါက်အောင် ရှင်းပြပေးရမည် ဖြစ်ကြောင်း၊ ဆေးစစ်မှုလုပ်ငန်းများသည် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ရေး လုပ်ဆောင်ပေးသည့် လုပ်ငန်းဖြစ်သဖြင့် စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်သူများ မကျန်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဗီဇပြောင်းရောဂါပိုးသည် ဖြစ်ပွားမှုနှုန်း မြန်ဆန်ပြီး သေဆုံးမှုများသည့်အတွက် ပေါ့ဆစွာ ဖြင့် နေထိုင်သွားလာမှုများ မရှိစေရေး ကျန်းမာရေး အသိပညာပေးသည့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖြစ်ပွားသည့် လက္ခဏာများကို ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံဆော်ဩရာတွင်လည်း အချက်အလက်တိကျစွာဖြင့် အသိပညာပေးရမည် ဖြစ်ကြောင်း၊ ရုပ်မြင်သံကြားများတွင် ဖော်ပြပေးရာ၌ နှုတ်ဖြင့် သာမက စာဖြင့်ပါ ဖော်ပြပေးရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ပတ်သက်ပါက မှန်ကန်သည့် အသိပညာများရရှိအောင် လုပ်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း။

ကိန်းဂဏန်းအချက်အလက်များအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီး အဆိုပါ အချက်အလက် များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းလာမှ သာလျင် တင်းကြပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါကူးစက်မှုနှုန်းလျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင်သွားလာခဲ့ခြင်းကြောင့် တတိယလှိုင်း ဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံ၊ အလုပ်ရုံများကို စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပေါ်မှု အခြေအနေများအရ ရုံးပိတ်ရက် ကြေညာထားသည် ဖြစ်သော်လည်း အစိုးရ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်ရန်လိုအပ်သည်များကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ဆောင်နေရမည်ပင်ဖြစ်ကြောင်း၊ ရောဂါကူးစက်ဖြစ်ပေါ်မှုများကို မျက်ခြည်မပြတ် စောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာ ဖြေလျော့မှုများကို လုပ်ဆောင်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်များမှတဆင့် ရောက်ရှိလာမည့် ကာကွယ်ဆေးများကို ဦးစားပေး သတ်မှတ်ချက်များအလိုက် ထိုးနှံပေးနိုင်ရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးနေရသူများ၏ လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ကို ပြည်တွင်း၌ လုံလောက် စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်သဖြင့် ပြည်ပမှတင်သွင်းရန် အမှန်တကယ်လိုအပ်မှသာ အရန်အနေဖြင့် တင်သွင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စီမံခန့်ခွဲမှုကောင်းစွာဖြင့် လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)