နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင် ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ထူး က မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲတင်ပြချက်များကို လုပ်ငန်း ကော်မတီ (၅)ရပ်က ဖြေရှင်းပေးသွားမည် ဖြစ်ပြီး မူဝါဒဆိုင်ရာကိစ္စများကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ (Public-Private Dialogue) သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ပြဿနာများကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်သကဲ့သို့ ဖရဲသီး၊ သခွားသီး စသည့် သီးနှံထုတ်ကုန်များလည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်တွင်း ရောင်းအားမြှင့်တင်နိုင်ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ နိုင်ရေးအတွက် စျေးကွက် ရှာဖွေနိုင်ရန် သက်ဆိုင်ရာ နိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုန်သည်အသင်း အဖွဲ့ များမှ တင်ပြသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း၊ မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်း၊ (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များအသင်းတို့မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်