နေပြည်တော် ဧပြီ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၁ ရက်က အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်ကျေးရွာ Famous ဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး၊ စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၀၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ညောင်ခါးရှည်ကျေးရွာ အောင်စိုးမိုးဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၈၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၅၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၈၁၂၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဧပြီ ၂၂ ရက်က မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ရေနံစိမ်းဂါလန် ၃၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ ပခုက္ကူမြို့ မြို့ရှောင်လမ်းနှင့် သီတာလမ်းဆုံ၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၂၉၅၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင်နှင့် ကျိုက်ထိုခရိုင်တို့ အတွင်း၌ တရားမဝင် အခြားသစ် ၃ ဒသမ ၃၆၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၈၅၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ မော်လမြိုင်မြို့နယ်နှင့် ပေါင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၁၉၉၈၅၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၌ တရားမဝင် အခြားသစ် ၁ ဒသမ ၁၃၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၄၆၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၇၂၄၃၁၂)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်