နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ မြန်မာနိုင်ငံအတွင်း၌ မြေငလျင်များ မကြာခဏလှုပ်ခတ်လာပါသဖြင့် ငလျင်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားမှုများနှင့် အန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် မည်ကဲ့သို့စနစ်တကျ စီမံဆောင်ရွက် ထားသည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံတွင် မြေငလျင်ဘေးအပါအဝင် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးစီးသော အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သဘာ၀ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များ ရယူဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ ကိုလည်းဖွဲ့စည်းပြီး အကြံဉာဏ်များ ရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း နိုင်ငံတော်၏ ထည့်ဝင်ငွေနှင့် လှူဒါန်းမှုများမှ ရရှိငွေများဖြင့် ထူထောင်ထားရှိ စီမံခန့်ခွဲလျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်ကို ဆောင်ရွက်ထားပြီး ငလျင်အန္တရာယ် ကြုံတွေ့နေရချိန်တွင် အရေးပေါ် ဆောင်ရွက်ရမည့် စံလုပ်ငန်းအစီအစဉ်များနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်တို့ကို ရေးဆွဲဆောင်ရွက်ထားရှိပါကြောင်း၊ ငလျင်ဘေးအန္တရာယ်ကြောင့် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန် အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဂျပန်နိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ပုဂံဒေသတွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ချပေးနိုင်မည့် အစီအမံများကိုလည်း ရေးဆွဲအကောင်အထည်ဖော် လျက်ရှိပါကြောင်း။
ပြည်သူလူထုအသိပညာပေး အစီအစဉ်များအနေဖြင့် စာသင်ကျောင်း၊ ကျေးရွာ၊ မြို့ပြများတွင် လိုက်နာဆောင်ရွက်ရန် ရုပ်သံဇာတ်လမ်းတို (၄)မျိုးနှင့် ပြည်သူလူထု လိုက်နာဆောင်ရွက်ရန် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များကို ရုပ်မြင် သံကြားနှင့် ရေဒီယိုများတွင် အခါအားလျော်စွာ ပညာပေးဆောင်ရွက်ခြင်း၊ ငလျင်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များ၊ ရုပ်ပြစာအုပ်များ ထုတ်လုပ်ဖြန့်ဝေခြင်း၊ မြေငလျင် ဇာတ်တိုက်လေ့ကျင့်ခြင်း အဆင့်ဆင့်စာအုပ်တို့အား စာကြည့်တိုက်များတွင် ဖြန့်ဝေထားရှိခြင်း၊ ငလျင်ဘေးအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
သဘာ၀ဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်များတွင် တပ်စု (၃၃၃)စု၊ တပ်ခွဲ (၁၇)ခွဲ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း (၁၃၆၂၇) ဦးတို့အား စုဖွဲ့၍ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးပြီး အသင့်စုဖွဲ့ပြင်ဆင်ထားရှိသည့်အပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ခွဲ(၁)ခွဲစီ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၄၈)ဦးအား ထပ်မံစုဖွဲ့ထားရှိပြီး လိုအပ်သည့်လူနာတင်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များနှင့် အထောက်အကူပြုယာဉ်များကို ခွဲဝေစုဖွဲ့ထားရှိပြီးဖြစ်ပါကြောင်း။
တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ငလျင်ဘေးအပါအဝင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက အမိန့်စောင့်ဆိုင်းစရာမလိုအပ်ဘဲ အနီးစပ်ဆုံးတပ်များမှ ရှာဖွေကယ်ဆယ်ရေး အပါအဝင် လိုအပ်သည့်ကူညီမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မြေငလျင် တိုင်းတာရေးစက်များကို မြန်မာတစ်နိုင်ငံလုံးတွင် တပ်ဆင်ထားရှိပြီး (၂၄)နာရီဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနရှိ ဆေးရုံကြီးများတွင် ဆောင်ရွက်ထားရှိသည့် အစုလိုက် ထိခိုက်ဒဏ်ရာရမှုများအတွက် စီမံခန့်ခွဲမှုစီမံချက်တွင်လည်း မည်သို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မည်ကို ပြုစုထုတ်ပြန်ထားပြီး ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆက်စပ်ဌာနများ/ဒေသခံ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘေးကင်းလုံခြုံသည့် စာသင်ကျောင်းများ တည်ဆောက်ရန်အတွက် လမ်းညွှန်ချက်ထုတ်ပြန်ထားပြီး အဆိုပါလမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဆည်၊တာတမံများ ဒီဇိုင်းတွက်ချက်ရာတွင် ငလျင်အန္တရာယ်ထိခိုက်ပျက်စီး ဆုံးရှုံးမှုလျော့ပါးစေရေးအတွက် Safety Factor များ ထည့်သွင်းတွက်ချက်ခြင်း၊ ငလျင်လှုပ်ခတ်ပြီးသည့် အချိန်တွင်လည်း အနီးပတ်ဝန်းကျင်ရှိ ဆည်၊ တာတမံများသို့ သွား ရောက်၍ ထိခိုက်မှု ရှိ/မရှိ ကို မျက်မြင်စစ်ဆေးခြင်း၊ ဘူမိရူပဗေဒ နည်းပညာသုံး၍ စစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီနှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်သူပိုင်အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်ရည် ရှိစေရန် ပြင်ဆင်မွမ်းမံသည့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျရောက် လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စီမံချက် များ ရေးဆွဲကာ ပြည်သူလူထုကိုယ်တိုင် ပါဝင်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်နေသည့် ပေ(၃၀ × ၉၀) သိပ္ပံဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မုက္ခမူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၉၀ × ၃၀) Steel Structure (၁)ထပ်ဆောင် (၁)ဆောင် အသစ်ဆောက်လုပ်ပေးရန်အတွက် လိုအပ် သော ရန်ပုံငွေကို လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေအောက်တွင် လျာထားပေးမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က တောင်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၁၀၀ ×၃၀) RCC (၂)ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန် လိုအပ်သည့်ရန်ပုံငွေကို လာမည့် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုချက် ရရှိပါက အသစ်ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ မြန်မာနိုင်ငံပညာရေး ဝန်ကြီးဌာန အခြေခံပညာနှင့် အထက်တန်းပညာသင်ကြားရေးတို့တွင် ကျောင်းဆရာနှင့် ဆရာမအချိုး လွန်စွာကွာဟနေခြင်းအား မည်သို့စီစဉ် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာဖြစ် သင်တန်းများ လက်ခံသည့်နေရာတွင် ကျောင်းဆရာအချိုးရရှိစေရန် တိုးချဲ့လက်ခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ - ၂၀၂ဝပညာ သင်နှစ်အတွက် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များမှ B.Ed (တိုက်ရိုက် + ပေါင်းကူး) သင်တန်းဆင်း၊ PGDMA သင်တန်းဆင်း၊ ပညာရေးကောလိပ် များမှ D.T.Ed သင်တန်းဆင်း၊ PPTT သင်တန်းဆင်း စုစုပေါင်း ကျောင်းဆရာ (၄၁၈၉) ဦး၊ ကျောင်းဆရာမ (၉၇၅၃)ဦး စုစုပေါင်း (၁၃၉၄၂) ဦးတို့ကို လစ်လပ်နေရာများတွင် ခန့်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ ခန့်ထားပေးရာတွင် စုစုပေါင်းကျောင်းဆရာ၊ ဆရာ မများအနက် ကျောင်းဆရာ (၄၁၈၉)ဦးနှင့် ကျောင်းဆရာမ (၉၇၅၃)ဦးဖြစ်သည့်အတွက် စုစုပေါင်းဆရာနှင့်ဆရာမအချိုး (တစ်အချိုးနှစ်)ခန့် အထိရောက်အောင်ဆောင်ရွက်နေပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ သထုံမြို့၊ သိမ်ကုန်းရပ်၊ ဦးဖြူ အခြေခံပညာမူလတန်းကျောင်းရှိ အန္တရာယ်ရှိအဆောက်အအုံ အားဖျက်သိမ်း၍ ပေ(၉၀×၃၀) ကျောင်းဆောင်သစ်တစ်ဆောင်ကို လာမည့်ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ရမ်းဗြဲမြို့နယ်၊ စစ်ပြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် လာမည့်ဘဏ္ဍာရေး နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအား ပေ (၁၃၀ × ၃၀) နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ ဓာတ်ပုံ - စိုးဝင်းထွန်း