ရန်ကုန် ဖေဖော်ဝါရီ ၁၈
မွန်မြတ်သော ကင်းထောက်လုပ်ငန်းလှုပ်ရှားမှုများအား ပြည်သူများသိရှိနိုင်ရန် ကင်းထောက်တေးသီချင်းများကို မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်မှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး အစီအစဉ်အရ “ကင်းထောက်ဆိုသည်မှာ” ကင်းထောက်တေးသီချင်းသစ်ကို ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ မြန်မာ့ရုပ်မြင်သံကြားတွင် ရိုက်ကူးရာ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်အစီ အစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်ကြီး ဂီတစာဆို အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေနှင့် ကင်းထောက်ကြီးများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
ကင်းထောက်ကြီး ဂီတစာဆိုအလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ ရေးစပ်သော “ကင်းထောက် ဆိုသည်မှာ” တေးသီချင်းသစ်ကို အခြေခံပညာအထက်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များမှ ကင်းထောက်လူငယ်၊ မောင်မယ် ၂၇ ဦးအဖွဲ့နှင့် မြန်မာ့ရိုးရာ တိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် တေးသံရှင် ကင်းထောက်လူငယ်များဖြစ်သော မင်းခန့်ဖုန်း၊ စွမ်းထက်၊ ကျော်ဆုဟိန်း၊ သန့်စင်ထွန်း၊ ဘုန်းသူရကျော်၊ အေးမြဖြူ၊ မေသက်ထားဆွေ၊ မေ့ချစ်သက်၊ ခင်ဘုန်းပွင့်စံ၊ ခင်လပြည့်ဝန်း၊ ရွှေဖူးသွယ်တို့ ၁၁ ဦး အဖွဲ့ကို မြန်မာ့ရုပ်မြင် သံကြားမှ ရိုက်ကူးခြင်းဖြစ်သည်။
(မြန်မာ့အလင်း)