Skip to main content

ကျန်းမာရေးကောင်းမွန်စွာဖြင့် အိမ်ပြန်သွားကြသည့် ဝူဟန်ပြန် ကျောင်းသား ကျောင်းသူလေး များပြောကြားခဲ့ကြသည့် အမှတ်တရစကားများ

မန္တလေး ဖေဖော်ဝါရီ ၁၈

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူ၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ၁၄ ရက်ကြာ ရောဂါကူးစက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုမှု ခံယူခဲ့ကြသည့် မြန်မာကျောင်းသား ကျောင်းသူ ၅၉ ဦးနှင့် ၎င်းတို့အား ပြန်လည်ခေါ်ယူရာတွင် ဝူဟန်မြို့သို့ လိုက်ပါသွားခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းသုံးဦးတို့သည် ဖေဖော်ဝါရီ ၁၆ ရက်က ကျန်းမာရေး ကောင်းမွန်စွာဖြင့် ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

အဆိုပါ ကျောင်းသား ကျောင်းသူ ၅၉ ဦးတို့အား ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူ၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် သီးသန့်ထားရှိကာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ရှိ /မရှိ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုကို ၁၄ ရက်ကြာ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁၅ ရက်အထိ သံသယဖြစ်ဖွယ်ရာ ရောဂါလက္ခဏာမတွေ့ရှိခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ခြင်း ဖြစ်ရာ ကျန်းမာစွာ အိမ်ပြန်ခွင့် ရရှိကြသည့် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ယူစောင့်ရှောက်ပေးသူများမှ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူသည့်ကာလအတွင်း ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ အမှတ်တရစကားများကို ယခုလို ပြောကြားခဲ့ကြသည်။

မမေသူသူအောင် (ပင်လုံတက္ကသိုလ်၊ ဘူမိဗေဒဌာန)

ကျွန်မက ဝူဟန်မြို့က တက္ကသိုလ်မှာ Petroleum Oil and Gas အင်ဂျင်နီယာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူဖို့ သင်တန်းတက်နေတာပါ။ အခုလို ရောဂါမရှိဘဲ အိမ်ပြန်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာပါတယ်။ ဝူဟန်မြို့မှာ ဒီရောဂါစဖြစ်နေတယ်ဆိုတာ သိခဲ့ရပေမယ့် ဒီလောက် အထိ ကြီးကြီးမားမားဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ကိုယ့်ဘဝအတွက် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သလို ခံစားရပြီး အမှန်တကယ်လည်း ကြောက်မိပါတယ်။ ကျွန်မတို့ ခံစားနေရတယ်ဆိုတာထက် သူတို့နိုင်ငံသားတွေ ရောဂါခံစားနေရတာကိုကြည့်ပြီး စိတ်လည်း မကောင်းဖြစ်မိပါတယ်။ အခက်အခဲတွေကတော့ စားသောက်ဖို့အတွက် စူပါမားကက်တွေ ပိတ်တာကို ကြုံခဲ့ရတယ်။ ဒါကြောင့် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ခေါ်လို့ ရောက်လာတဲ့အချိန်မှာလည်း ဟိုမှာနေတုန်းက စီစဉ်ပေးထားသလို ဖြစ်လာပါမလားလို့ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေရော၊ တာဝန်ရှိသူတွေကပါ ဝမ်းပန်းတသာနဲ့ ကြိုဆို စီစဉ်ပေးကြတဲ့အတွက် စိတ်ထဲမှာ တကယ်အားရ ကျေနပ်မိပါတယ်။ ကန်တော်နဒီမှာ‌နေခဲ့ရတဲ့ ၁၄ ရက် ကြာကာလမှာလည်း မြို့တော်ဝန်ကြီးက စားသောက် နေထိုင်ရေးကို လိုလေသေးမရှိ စီစဉ်ပေးတဲ့အတွက် အားလုံးအဆင်ပြေခဲ့ပါတယ်။

မအိအိရွှေ (လက်ထောက်ကထိက၊ သတ္တဗေဒဌာန - ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)

ကျွန်မက ဝူဟန်မြို့မှာ သတ္တဗေဒဘာသာရပ်နဲ့ Ph.D ဘွဲ့အတွက် သင်တန်းသွားတက်တာပါ။ ဝူဟန်မြို့မှာ ကျွန်မတို့နေထိုင်ရတဲ့အချိန်မှာ တာဝန်ရှိသူတွေက ရောဂါမကူးစက်အောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ ကူညီထောက်ပံ့မှုတွေရှိခဲ့ပေမယ့် စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်လန့်နေခဲ့ရပြီး အခန်းထဲက မထွက်ဘဲ နေခဲ့ရတဲ့အတွက် စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်မိပါတယ်။ အခု မြန်မာပြည်ကို ပြန်ရောက်လို့ ဒီကန်တော်နဒီဆေးရုံမှာ ၁၄ ရက် နေခဲ့ရတဲ့အချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေသာမက စားသောက်နေထိုင်ရေးအတွက်ပါ လိုလေသေး မရှိအောင် ဂရုစိုက်စီစဉ်ပေးကြတဲ့အတွက် စိုးရိမ်ပူပန်မှုမရှိဘဲ အဆင်ပြေစွာနေထိုင်ခဲ့ရပါတယ်။ ဒီကာလမှာ ကျန်းမာရေးစစ်ဆေးမှု တွေအနေနဲ့ ကျွန်မတို့ကို နံနက် ၆ နာရီမှာ တစ်ကြိမ်၊ ညနေ ၆ နာရီမှာ တစ်ကြိမ် တစ်နေ့ကိုနှစ်ကြိမ် အဖျားတိုင်းပြီး အပူချိန်ကို စစ်ဆေးပေးပါတယ်။ အခုလို လိုအပ်ချက်အားလုံးကို ပြည့်စုံအောင်စီစဉ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးကြတာကို ရင်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ ဒီနေ့မှာ ရောဂါကူးစက်မှုမရှိဘဲ ကျန်းမာစွာနဲ့ အိမ်ပြန်ရတော့မယ် ဆိုတဲ့အသိနဲ့ အလွန် ပျော်ရွှင်နေပါတယ်။ မပြန်ခင် ဘုရားတွေလိုက်ဖူးပြီး မြို့တော်ဝန်ကြီးစီစဉ်ပေးတဲ့ အဝေးပြေးကားနဲ့ပဲ ရန်ကုန်ကိုပြန်မှာပါ။

 မောင်စည်သူထွန်း (ရန်ကုန်မြို့)

အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့ ဝမ်းသာနေပါတယ်။ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာကြတဲ့ ၅၉ ယောက်စလုံး ဖျားနာခြင်းမရှိဘဲ အိမ်ပြန်ရမှာ ဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်မိပါတယ်။ ဒီမှာနေထိုင်ရတဲ့အခြေအနေက အားလုံးအဆင်ပြေတဲ့အတွက် ကျေနပ်ပျော်ရွှင် မိပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ဒီလိုမျိုးကျွန်တော်တို့ကို ပြန်ခေါ်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုမှုတွေလုပ်တာက ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံ အနေအထားနဲ့ဆိုရင် အကောင်းဆုံးအခြေအနေတစ်ခုကို စီစဉ်ပေးထားတာ ဖြစ်တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။

ဒေါက်တာသန်းသန်းမြင့် (တိုင်းဦးစီးမှူး - မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန)

ကလေးတွေကို ဒီမှာနေတဲ့ကာလအတွင်း ဖျားနာမှုမရှိအောင် ကျန်းမာရေးပိုင်းဆိုင်ရာအတွက် စောင့်ရှောက်မှုပေးရသလို နေထိုင် စားသောက်ရေး အဆင်ပြေစေဖို့အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရပါတယ်။ ဒီနေ့မှာ သတ်မှတ်ရက်ပြည့်သွားလို့ သူတို့ရဲ့ နေရပ် အသီးသီးကို ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီကလေးတွေက ရန်ကုန်က အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေးနဲ့ ကလေးမြို့နယ်တွေက ကျောင်းသား ကျောင်းသူတွေ ပါဝင်ပါတယ်။ ဒီမှာ နေရထိုင်ရတာ အဆင်ပြေပြီး ကျန်းမာရေးကောင်းမွန်စွာနဲ့ ပြန်သွားတဲ့အပေါ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ရော၊ မန္တလေးတိုင်းအနေနဲ့ပါ တစ်သက်လုံး အမှတ်တရများစွာနဲ့ ဂုဏ်ယူစွာ ရှိနေမယ်ဆိုတာ ပြောချင်ပါတယ်။

ဦးစိုးမိုးနိုင် (ကထိက၊ ရုက္ခဗေဒဌာန၊ ရတနာပုံတက္ကသိုလ် မန္တလေးမြို့)

ဝူဟန်မှာနေခဲ့ရတဲ့ကာလမှာ မကြုံဖူးတဲ့ရောဂါ တစ်ခုအတွက် စိတ်လှုပ်ရှားပြီး စိုးရိမ်မှုတွေရှိခဲ့တယ်။ ကျွန်တော်တို့ကျောင်းကဆရာတွေက အဆောင်အပြင်ဘက်ကို မထွက်ဖို့ ပြောပြီး ကျောင်းမှာပဲ စတိုးဆိုင်တွေ ဖွင့်ပေးသလို နှာခေါင်းစည်းတွေလည်း ဝေပေးထားတယ်။ သံရုံးကသံမှူးတွေကအစ အားလုံးကူညီပေးကြတဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် အားပေးရင်း ဘာသာတရားနဲ့ ကျော်ဖြတ်ခဲ့ကြတယ်။ မြန်မာပြည်ကို ပြန်ရောက်တော့လည်း စောင့်ကြပ် ကြည့်ရှုတဲ့ကာလမှာ ခက်ခဲလိမ့်မယ် လို့ ထင်ခဲ့ပေမယ့် လိုလေသေးမရှိအောင် စောင့်ရှောက် ပေးကြတဲ့အတွက် အဆင်ပြေစွာ နေထိုင်ခဲ့ရပါတယ်။ ဒီနေ့မှာ သတ်မှတ်ကာလ လွန်မြောက်သွားလို့ ကိုယ့်မိဘဆီ ပြန်ရမယ်ဆိုတော့ တကယ်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်နေကြတာပေါ့။ စောင့်ရှောက်ကူညီမှုတွေအတွက် အားလုံးကို သတိတရနဲ့ ကျေးဇူးတင်နေမှာပါ။

ဒေါက်တာသန့်ဇင်မြတ် ( အထွေထွေရောဂါကုသမားတော်၊ မန္တလေး ခုတင် ၃၀၀ ဆေးရုံ)

မြန်မာနိုင်ငံကနေ ဝူဟန်က ကျောင်းသားတွေကို သွားခေါ်တဲ့အချိန်က လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်းပါ။ သူတို့နဲ့ ထိတွေ့မှုရှိလို့ ကျောင်းသားတွေနဲ့အတူ ဒီကန်တော်နဒီ ဆေးရုံမှာပဲ ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုတွေ ခံယူခဲ့ပါတယ်။ ကျောင်းသား တွေကိုပြန်ခေါ်ဖို့ ဝူဟန်ကိုမသွားခင် လေ့ကျင့်သင်ကြားမှုတွေ ရန်ကုန်မှာ လုပ်ခဲ့ရတယ်။ ကျောင်းသားတွေနဲ့ ထိတွေ့ရတော့မယ်ဆိုတဲ့အတွက် PPE ဝတ်စုံတွေ ဝတ်ဆင်ပုံနဲ့ နှာခေါင်းစည်းတပ်ဆင်ပုံတွေ မျက်မှန်၊ လက်အိတ်အသုံးပြုနည်းတွေကို သင်ခဲ့ရတယ်။ အတတ်နိုင်ဆုံး ကျောင်းသားတွေနဲ့ အနီးကပ်ထိတွေ့မှုမရှိအောင် ကူညီနိုင်ဖို့လည်း မသွားခင်ကတည်းက ကြိုတင်ပြင်ဆင် ခဲ့ရပါတယ်။ ကိုယ့်နိုင်ငံသား တွေကို ဒီလိုအခက်အခဲကနေ ပြန်ခေါ်ရတာ ဝမ်းသာရပါတယ်။ ကျောင်းသားတွေ ကလည်း ရောဂါဖြစ်တဲ့ဒေသမှာနေရတော့ ကြောက်ကြမှာပေါ့။ သူတို့ကို ခေါ်ဆောင်ပေးခဲ့ ရတဲ့အခွင့်အရေး ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူ ပါတယ်။

မင်းထက်အောင် (မန်းကိုယ်ပွား)