Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပေါင်မြို့နယ်ရှိ ကျုံဟော်-ရာမဆိပ်တံတားတည်ဆောက်နေ မှု၊ ကျေးရွာချင်းဆက် လမ်းဆောင်ရွက်နေမှုနှင့် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေး

ပေါင် ဖေဖော်ဝါရီ  ၁၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ကျုံဟော်-ရာမဆိပ်တံတား တည်ဆောက်နေမှု၊ ကျေးရွာ ချင်းဆက် လမ်းဆောင်ရွက်နေမှုနှင့် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်မြို့နယ် ဖြူဘ-သဲကုန်းကျေးရွာချင်းဆက် လမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ပေါင်မြို့နယ် ကျုံဟော်-ရာမဆိပ် တံတားစီမံကိန်းရှင်းလင်းဆောင်တွင် တံတားတည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကျုံဟော်-ရွာမဆိပ်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တံတားအရှည် (၁၀၉.၈) မီတာ၊ အကျယ် (၇.၃၄) မီတာ၊ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း တာဝန်ရှိသူများမှ သိရသည်။

ယင်းတံတားသည် ဖြူဘ-ကျုံဟော်-သဲကုန်း-ညောင်ကုန်းကြီး-ထန်းပင်ချောင်လေး-မြလေးချောင်  လမ်းပိုင်းပေါ်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် မတ်လ၂၃ ရက်နေ့တွင် စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှ ယခု လက်ရှိတွင် (၈၃) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတွန်ကျေးရွာ ကတွန်မွန်ကျောင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာတွင် ဒေသခံတောင်သူများ၏ လိုအပ်များဖြစ်သည့် ကုန်ထုတ်လမ်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ လယ်ယာကုန်ထုတ်ပစ္စည်းတိုးတက်မှသာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အတွက် လယ်ယာကုန်ထုတ်လမ်းများနှင့် တံတားများ ဆောင်ရွက်ပေးနိုင်ရေး လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါသဖြင့် ကြန့်ကြာမှုများ ရှိနိုင်ကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် သန့်ရှင်းသည့် သောက်သုံးရေရရှိရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာ‌ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ အစရှိသည် များကို ဆောင်ရွက် ပေးလျက်ရှိကြောင်းကို ပြောကြားခဲ့ပြီးနောက် ဒေသခံတောင်သူများမှ ဒေသလိုအပ်ချက်များကို တင်ပြ ဆွေးနွေးတောင်းခံခဲ့ကြသည်။

အဆိုပါ တင်ပြတောင်းခံမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)