မုံရွာ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ တွေ့ဆုံပွဲတွင် သင်တန်းကျောင်းအုပ် ဒေါ်ထန်းထုံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယနေ့တွေ့ဆုံပွဲတွင် သင်တန်းသူများအနေဖြင့် အချိန်ကို အကျိုးရှိရှိအသုံးချတတ်ဖို့လိုကြောင်း၊ ယခုတက်ရောက်နေတဲ့ သင်တန်းမှ သင်ကြားပေးလိုက်သော စာတွေ့၊ လက်တွေ့ ဘာသာရပ်အသီးသီးကို မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ ဆန်းသစ်တီထွင်ကာ နိုင်ငံအအကျိုး လူမျိုးအကျိုးကို ဆထက်ထမ်းပိုး ကြိးစားဆောင်ရွက်သွားကြပါလို့ ” တိုက်တွန်း ဩဝါဒစကားများပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါ သင်တန်းကျောင်းနှင့် သင်တန်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသူလေးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသော လက်ရာများကို ကြည့်ရှုအားပေးပြီး သင်တန်းသူ နှစ်ထပ်အိမ်ဆောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သင်တန်းခန်းမတွင် သင်ကြားပေးနေမှု အခြေအနေ၊ စားရိပ်သာဆောင်တွင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စားဖိုဆောင်တို့တွင် စားနပ်ရိက္ခာများ ပြည့်စုံစွာဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကလေးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းသင်တန်းခန်းမတွင် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “သူနာပြုနှင့် သားဖွားသင်တန်းသား၊သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြစေလိုကြောင်းနှင့် မိမိတို့၏ အတတ်ပညာရပ်များဖြင့် နိုင်ငံအတွင်း တာဝန်ကျရာ ဒေသအသီးသီးတွင် စိတ်ရင်းစေတနာပါပါဖြင့် ပြည်သူကို အထူးအလေးထား စောင့်ရှောက်ပေးကြပါလို့ ” တိုက်တွန်း ဩဝါဒစကားပြောကြားသည်။
ဆက်လက်ပြီး အဆိုပါ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် အဆိုပါသင်တန်းကျောင်းနှင့် သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး သင်တန်းသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသားသင်တန်းသူများ၏ စာရိပ်သာဆောင်တွင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် သင်တန်းကျောင်းတို့အား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)