နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဖောင်ဒေးရှင်းအနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်များဖွံ့ဖြိုးရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီပေးလျက် ရှိသည့်ကိစ္စ၊ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လွှတ်တော်အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက်ပိုမိုထိရောက်သည့် အကူအညီများဖြစ်စေရေး၊ လွှတ်တော်နှင့် ပြည်သူရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိနိုင်ရေးဆိုင်ရာ နည်းပညာကဏ္ဍ မြှင့်တင်သွားနိုင်ရေး၊ ကျောင်းသား လူငယ်များ ဒီမိုကရေစီ စနစ် အခြေခံသဘော တရားများ သိရှိနိုင်ရန် အသိပညာမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)