Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိ သည့် အားကစားနည်းများ အနက်မှလက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့အားကစားသမားများနှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ် လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်၊ နည်းပြများ၊ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အားကစား၏ အခြေခံဖြစ်သော ကိုယ်ခန္ဓာအချိုး အစားကြံ့ခိုင်စေရေး၊ နည်းစနစ်များ ကျွမ်းကျင်စေရေး၊ လျင်မြန်ဖျတ်လတ်မှုရှိစေရေး၊ ခွန်အားပြည့်ဝသန်မာစေရေး၊ သက်လုံကောင်းမွန်စေရေး၊ စိတ်ဓာတ်အားဖြင့်ကြံ့ခိုင်ပြီး အောင်နိုင်စိတ်မွေးမြူနိုင်စေရေးတို့အတွက် နည်းပြများအနေဖြင့် စနစ်တကျကြပ်မတ်လေ့ကျင့်ပေးရေး၊ လေ့ကျင့်လျက်ရှိသည့် အားကစားကွင်း၊ အားကစားရုံများကောင်းမွန်စေရေး၊ လေ့ကျင့်ရေးသုံးပစ္စည်းများ ပြည့်စုံစေရေးရာသီဥတုနှင့်အညီ စားသောက်ရေး၊ နေထိုင်ရေး၊ သောက်ရေ၊ သုံးရေအခက်အခဲများနှင့် လေ့ကျင့်မှုပိုင်းဆိုင်ရာ အခက်အခဲများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်