Skip to main content

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း   ဖေဖော်ဝါရီ   ၂၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သရက်ချောင်းမြို့ မြို့နယ်ခန်းမဆောင်၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်မူဝါဒ(၃)ချက်၊ ဒေသဖွံ့ဖြိုးရေးမူဝါဒ(၁၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးတွင် မြေယာကဏ္ဍများတွင် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများ၏ လူမှုဘဝအကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းတို့က တောင်သူ(၆၉)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများက  မိမိတို့ တိုင်းဒေသကြီးဝန်ကြီးဌာနများအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ပြောကြားပြီး တက်ရောက်လာသော ပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး စသည့်ကဏ္ဍမျိုးစုံတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လည်းကောင်း မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးများနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)