Skip to main content

အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက်

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကတိုက်နိုင်ငံ များရှိဝက်များတွင်သာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အိမ်နီးချင်းအာရှနိုင်ငံများတွင် ကူးစက်ဖြစ်ပွားခဲ့ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် အလိုက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တရားမဝင် ဝင်ရောက်လာသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီး ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ များဖွဲ့စည်းလျက် တရားမဝင် ဝင်ရောက်လာသည့် ဝက်နှင့် ဝက်ထွက်ပစ္စည်း များကိုစစ်ဆေးပြီး ကန့်သတ်ပိတ်ပင်တားဆီး/ ဖျက်ဆီးခြင်း၊ ပြည်သူလူထု အသိပညာပေးခြင်း၊ ဝက်ရောဂါစူးစမ်းထောက်လှမ်းခြင်းနှင့် ဇီဝလုံခြုံမှု မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ် များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပန်ဆန်းမြို့နယ်များတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက် ပျံ့နှံ့ခြင်း မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (IE) သို့ သတင်းပေးပို့ခြင်းနှင့် နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၂။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ နာမကျန်းဝက် (၂)ကောင်မှ ကောက်ယူထားသော သွေး နမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ (Real Time -PCR) ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျား ရောဂါပိုး (African Swine Fever Virus)၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရ ပါသဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIL) သို့ (၁၇-၂-၂၀၂၀) ရက်၌ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 ၃။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးဝက်များ၊ တောဝက်များတွင် သေဆုံးမှုမြင့်မား သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးပါ။ အဆိုပါရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် ရောဂါဖြစ်ကြောင်းအတည်ပြုပြီးသည့် ခြံအားသုတ်သင်ရှင်းလင်းခြင်း (Stamping out) ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါ ဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ် တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ကြရပါသည်။ သို့သော် လူသို့ ကူးစက်တတ်သောရောဂါ အမျိုးအစားမဟုတ်ပါ။

၄။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ ကနဦးသတင်း ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

၅။ ရောဂါကျရောက်ဖြစ်ပွားမှုမရှိသေးသောဒေသများသို့ ရောဂါကူးစက် ပျံ့နှံ့ခြင်းမရှိစေရန် အောက်ပါအချက်များကို အလေးထား လိုက်နာဆောင်ရွက် သွားရန် အသိပေးနှိုးဆော်အပ်ပါသည်

(က) ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(ခ) ဝက်ခြံများနှင့် ဝက်သားသတ်ရုံများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ) အိမ်မွေးဝက်များကို စားသောက်ဆိုင်များမှ ဝက်သားပါဝင်သောစားကြွင်းကျန်များကျွေးခြင်း မပြုလုပ်ရန်၊

(ဃ) အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင် အထွက် ထိန်းချုပ်ရန်၊

(င) အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊

(စ) အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

(ဆ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီသီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

(ဇ) ရောဂါဖြစ်ပွားနေသောနိုင်ငံမှ တရားမဝင် တင်သွင်းလာသောဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများတင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

(ဈ) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှကာကွယ်ရန်၊

(ည) ရောဂါဖြင့် သေဆုံးဝက်များကို မြစ်ချောင်း အင်းအိုင်များတွင်စွန့်ပစ်ခြင်း မပြုရန်၊

(ဋ) နာမကျန်းဝက်များ သေဆုံးပါက ရောင်းချခြင်းနှင့် ဝေငှစားသောက်ခြင်း မပြုလုပ်ရန်၊

(ဌ) သေဆုံးဝက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း (မြစ်ချောင်းများထဲမျှောခြင်း) မပြုလုပ်ဘဲ စနစ်တကျမြေမြှုပ်ခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများဆောင်ရွက်ရန်၊

(ဍ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဎ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန