Skip to main content

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၂၀

ဒုတိယအကြိမ်၊ ကယားပြည်နယ် လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို လွိုင်ကော်မြို့၊ လွှတ်တော်ရုံး ခန်းမဆောင်၌ ယနေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ကျင်းပသည်။

အခမ်းအနားသို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌ  ဦးတင်မြင့်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ ဥပဒေပြုရေးဏ္ဍိုင်ဖြစ်သည့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ဂုဏ်ပြုအမှာစကား ပြောကြားခြင်းနှင့် (၄)နှစ်တာကာလအတွင်း ကယားပြည်နယ် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ပုံမှန် အစည်းအဝေး (၁၆)ကြိမ်၊ အရေးပေါ် အစည်းအဝေး (၅)ကြိမ်၊ အထူးအစည်းအဝေး (၁)ကြိမ် ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေ၊ ကြယ်ပွင့်ပြမေးခွန်း(၂၈၉) ခု၊ ကြယ်ပွင့်မပြမေးခွန်း (၇၈)ခု၊ အဆို (၁၇)ခု၊ ဥပဒေ (၆)ခု ၊ တိုင်ကြားစာ အရေအတွက် (၃၃၀)ခုမှာ ဆောင်ရွက်ပြီး (၃၂၃)ခု၊ ဆောင်ရွက်ဆဲ (၇)ခု တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့ကိုယ်စားပြု မဲဆန္ဒနယ်မြေထဲမှ ပြည်သူများ၏ ကိုယ်စား လွှတ်တော်ထဲတွင် ပြောဆိုပိုင်ခွင့်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် စောင့်ကြည့်စစ်ဆေးခြင်းကိုလည်း လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များသည် လွှတ်တော်အတွင်း ပြည်သူများအတွက် အကျိုးရှိမည့် မေးခွန်းများ၊ ပြည်နယ်အတွက် အကျိုးရှိမည့် အဆိုများ၊ ပြည်သူများက မေးမြန်းခိုင်းပါက နည်းမှန်လမ်းမှန်နဲ့ မှန်ကန်စွာ စနစ်တကျ တင်ပြ ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကိုလည်း ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက် ပေးကြသောကြောင့် ကျေးဇူးတင် ရှိပါကြောင်း၊ သန့်ရှင်းတဲ့မြို့တော်ဖြစ်အောင် ဝိုင်းဝန်းပေးကြသော မိဘပြည်သူများနဲ့ ဌာနဆိုင်ရာများကိုလည်း ယခု (၄)နှစ်မြောက် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် နှစ်ပတ်လည်နေ့တွင် ကျေးဇူး တင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က ယနေ့ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက် ကြည်နူး မိပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက် တိုက်တွန်းစကားများသည် အကောင်းဘက်ကို ရောက်ရှိရန် ပြောကြားသည့် အားပေးစကားများ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ရန် အခွင့်အရေးများကို ရရှိနေကြပြီး ဟန်ချက်ညီညီ အချိတ်အဆက်မိမိ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်နိုင်ကြရန် အင်မတန် အရေးကြီးပြီး အဓိကကျပါကြောင်း၊ တက်ရောက်လာသူများ အားလုံးအနေနှင့် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ကြရန် တိုက်တွန်းပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာသူများ အနေနှင့်လည်း ပြည်နယ်၏ အရေးပါသည့် အခန်းကဏ္ဍများတွင် တာဝန်ယူ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ အားနည်းချက်၊ အားသာချက်များကို သိသာပေါ်လွင် အောင်ချပြခြင်းဖြစ်ပြီး အားသာချက်များကို အားသာသည်ထက် အားသာအောင်၊ အားနည်းချက်များကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အရေးကြီးပါကြောင်း၊ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်၏ (၄)နှစ် ပြည့် နှစ်ပတ်လည်နေ့ဖြစ်၍ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများတွင် အမြင်ကျယ်ကျယ် ချစ်ခြင်းမေတ္တာများဖြင့် ပူးပေါင်းပြီး ပြည်နယ်၏ အကျိုးအတွက် အကောင်းဆုံကြိုးပမ်း ဖော်ဆောင်နိုင်ကြ စေလိုကြောင်း ဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယအကြိမ် ၊ ကယားပြည်နယ်လွှတ်တော် (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေဖြင့် တက်ရောက် လာကြသူများက မှတ်တမ်းဓာတ်ပုံများ အတူကွရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ထွန်းလေး