နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ နှင့်အညီ စခန်းများပိတ်သိမ်းနိုင်ရေးအတွက် စီမံချက်များ စနစ်တကျရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွှန်ရေးဆွဲရေးညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဆက်နွယ်ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Professor Walter Kaelin တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် IDP စခန်းများဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့၌ စခန်း (၁၂၈)ခုဖွင့်လှစ် ထားပါကြောင်း၊ အဆိုပါစခန်းများမှာ ယာယီသာဖြစ်သင့်သည့်အတွက် စခန်းနေသူများကို ပြန်လည်နေရာချထားရေးနှင့် ဆက်စပ် လုပ်ငန်းများဆောင်ရွက်ပေးရန် မိမိတို့အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့အတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး IDP စခန်းများ ရှိသည့် ပြည်နယ်များတွင် ရှင်းလင်း ဆွေးနွေးပြီးဖြစ်ပါကြောင်း။
အဆိုပါ မဟာဗျူဟာနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နို င်ရန်အတွက် စခန်းများအလိုက် စီမံချက် (Action Plan) များရေးဆွဲ ကြရမည်ဖြစ်ရာ လမ်းညွှန်(Guideline)ရှိရန် အရေးကြီး ပါကြောင်း၊ လက်ရှိစခန်းများအနက်မှ မည်သည့်စခန်းများကို ဉီးစားပေးနေရာပြန်လည်ချထား ရန်ရွေးချယ်ခြင်း၊ ဆောင်ရွက်ချိန်တွင် စခန်းတွင်းနေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ အလေးထားဆောင်ရွက်မှသာ ရေရှည်တည်တံ့မည်ဖြစ်ပါ ကြောင်း၊ မဟာဗျူဟာ နှင့်အညီ လုပ်ငန်း များဆောင်ရွက်ရာတွင် စခန်း တွင်နေထိုင်သူများ၏ ဆန္ဒများရယူဆွေးနွေးပြီး လက်တွေ့မြေပြင် အခြေအနေများကိုပါ ပေါင်းစပ်ထည့်သွင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဖြစ်ရပ်စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်းဆန်းစစ်မှုများဆောင် ရွက်ရန်လျာထားပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာကော်မတီများကို အမျိုးသားအဆင့်၊ ပြည်နယ်အဆင့်များအနေဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လမ်းညွှန် ရေးဆွဲရာတွင် လူမှုရေးအဖွဲ့ အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့များ၊ စခန်းတာဝန်ခံများနှင့် ဒေသခံလူထုများအကြား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများ စနစ်တကျ ထည့်သွင်းရေးဆွဲနိုင်ရေး အလေးထားဆွေး နွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မဟာဗျူဟာရေးဆွဲစဉ်ကပင် နိုင်ငံတော်၏ ဉီးဆောင်မှုအောက်တွင် ဝန်ကြီးဌာနနှင့် အတူ ပံ့ပိုးကူညီခဲ့သည့် ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Professor Walter Kaelin က မဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေ သိရှိစေရန် ရှမ်းပြည်နယ်ရှိ IDP စခန်းများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်နယ်အသီးသီး၌ ယခင်ကဆောင်ရွက်ခဲ့သည့် ပြန်လည်နေရာချထားမှုများမှ ရရှိသည့် အတွေ့အကြုံများအား ပြန်လည်ရည်ညွှန်းအသုံးပြုနိုင် ကြောင်း၊ လတ်တလောတွင်လည်း ကချင်ပြည်နယ် အတွင်း ပြန်လည်နေရာချထားမှုများ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေးအတွက် ဆွေးနွေးကြရာတွင် ဒေသအလိုက် မတူညီကြသည့် လူမှုအသိုက်အဝန်းများအကြား ဉီးစားပေးဖြေရှင်းရမည့်ကိစ္စများ၊ မတူကွဲပြား သော်လည်း အကောင်းဆုံးဆောင်ရွက်နေမှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရာတွင် ဒေသအခြေအနေနှင့် ကိုက်ညီမှုရ ရှိမှသာ အကျိုးရရှိမည်ကို လက်တွေ့လုပ်ငန်း ဆောင်ရွက်ခဲ့မှုများမှရရှိသည့် အတွေ့ အကြုံများနှင့် နှိုင်းယှဉ်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များက IDP စခန်းများတွင် နေထိုင်သူများအတွက်ပြန်လည်နေရာချထား ရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းအစီအမံများ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UEHRD မှ တက်ရောက်လာသူများက ကဏ္ဍအလိုက် အကြံပြုမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)