နေပြည်တော် ဖေဖော်ဝါရီ ၂၀
ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန် အတွက် အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်မှု ဗဟိုဌာန (US- CDC Centers for Disease Control and Prevention) အဖွဲ့၏ ထိုင်းနိုင်ငံအခြေစိုက်ရုံးမှ Program Director Dr. Joshua Mott (Asia Regional Influenza Program)နှင့်တာဝန်ရှိသူများနှင့်မြန်မာနိုင်ငံ အခြေစိုက်ရုံးမှ Country Director Dr. Mitesh Desai နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာသာထွန်းကျော်နှင့်တာဝန်ရှိသူများ အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးရုံး၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၅ ရက်မှစ၍ COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှူရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား စောစီးစွာ အလေးထား ဆောင်ရွက်ခဲ့မှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် ဝန်ကြီးဌာနများအကြား ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုများ၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နယ်စပ် ကုန်းလမ်းကြောင်း ဝင်ပေါက်ထွက်ပေါက်များသာမက ပြည်သူလူထု အတွင်းတွင်လည်း ရောဂါရှာဖွေရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ခဲ့မှုများ၊ ကျန်းမာရေးအသိ ပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့် လူမှုကွန်ရက်တွင် သတင်းမှားများ ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ထိန်းချုပ်ဆောင်ရွက်မှုများနှင့် ဝူဟန်မြို့မှ မြန်မာကျောင်းသား၊ ကျောင်းသူ (၅၉)ဦးအား ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့မှုများအား ပြောကြားသည်။
ထို့နောက် US CDC mission အဖွဲ့မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ရောဂါပိုးအတည်ပြု စစ်ဆေးရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိတွင် စစ်ဆေးဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ လေဆိပ်များ ဖြစ်သည့် ရန်ကုန်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများအား သွားရောက် လက်တွေ့ကွင်းဆင်းကြည့်ရှုခဲ့မှုများမှ တွေ့ရှိချက်များအား တင်ပြကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိချက်များသည် ကောင်းမွန်ပါ ကြောင်း ပြောကြားကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ အထွေထွေဆေးနွေးမှုများပြုလုပ်ကာ အကြံပြုချက်များပေး အပ်ခဲ့ကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် US CDC mission အဖွဲ့တို့သည် ရောဂါသံသယရှိသူရှာဖွေခြင်းနှင့် လူနာနှင့်အနီးကပ်ထိတွေ့သူများအား ဖော်ထုတ် ခြင်း၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များနှင့် ပြည်သူလူထုအတွင်း ရောဂါရှာဖွေခြင်း၊ ရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ရောဂါရှိသူ တွေ့ရှိပါက ဆေးကုသမှုပေးခြင်းနှင့် ပြည်သူလူထုအား သတင်းထုတ်ပြန်ခြင်း အစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)