Skip to main content

ဝူဟန်ရောက် မြန်မာကျောင်းသားများကို ပြန်လည်ခေါ်ဆောင်ခဲ့သည့် လေယာဉ်မှူးကြီး နှင့်အဖွဲ့သားများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့၌ သွားရောက်ပညာသင်ယူနေသည့် ပညာတော်သင် ဝန်ထမ်းများအား COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် သွားရောက်ခေါ်ယူရာတွင် Myanmar National Airline မှ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က မိမိတို့နိုင်ငံအနေဖြင့် တခြားနိုင်ငံများတွင် ရောက်ရှိနေသည့် နိုင်ငံသားများအား အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ယခုဖြစ်စဉ်တွင် နိုင်ငံတော်အကြီး အကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အတတ်နိုင် ဆုံးနှင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် လေယာဉ်မှူးကြီးနှင့်အဖွဲ့သားများကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံသူများ အလွန်လိုအပ်ပါကြောင်း၊ စံနမူနာကောင်းများဖြစ်သည့်အတွက် ဌာနအတွက်သာမက နိုင်ငံအတွက် ပါကောင်းသောအစဉ်အလာဖြစ်သောကြောင့် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက စေတနာ့ဝန်ထမ်း လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် စေတနာ့ဝန်ထမ်း လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာအမျိုးသား လေကြောင်း၊ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်း၊ လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံနှင့် လေယာဉ်မှူး ကြီး ဦးမျိုးလွင်ဦးတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဒုတိယလေယာဉ်မှူးကြီး ဦးစံမင်းကျော်နှင့် အင်ဂျင်နီယာမှူးကြီး ဦးအောင်ချိုတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးသာဦး က အင်ဂျင်နီယာမှူးကြီး ဦးအောင်ဇင်နှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ဇေယျ တို့အားလည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မန်နေဂျာ(လေယာဉ်မောင်) ဦးသန်းကျော်ဌေးနှင့် အကြီးတန်းလေယာဉ်မောင် ဦးဝဠာဝင့်တို့အား လည်းကောင်း၊ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက အကြီးတန်းလေယာဉ်မောင်များဖြစ်ကြ သည့် ဦးရဲမြတ်အောင်နှင့် ဦးအာကာလင်းတို့ အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံက ခရီးစဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါ တာဝန်ထမ်းဆောင်ခဲ့ကြသည့် လေယာဉ်အဖွဲ့သားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှုဆောင်အရာရှိချုပ်တို့ သည် စေတနာ့ဝန်ထမ်း လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများနှင့်အတူ စုပေါင်း မှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။
ဂုဏ်ပြုပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဟန်လင်းနိုင် (သတင်းစဉ်)