Skip to main content

မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၀

နယ်စပ်ဒေသ၊ ကျေးလက်ဒေသရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင် ရေး၊ မူးယစ်အန္တရာယ် တိုက်ဖျက်ရေး တို့ကို စီမံချက်ချမှတ်ကာ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေး အသင်းမှ အသင်းနာယကနှင့် အမှုဆောင်များ၊ ဂုဏ်ထူးဆောင် သံတမန်တို့အား ဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင် မောင်စိုးတင့်က ဂုဏ်ပြုစကား ပြောကြားပြီး ၂၀၁၉ ခုနှစ် နိုင်ငံတော် သမ္မတက ချီးမြှင့်သော အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသည့် အသင်းနာယက ဦးကိုကိုထွေး၊ Asean က ချီးမြှင့်သော Asean Outstanding Engineering Achie-vement Award (2019) 1 Prize ရရှိသည့် အသင်းနာယက ဒေါက်တာ စိန်မြင့်၊ Asean က ချီးမြှင့်သော Outstanding Asean Women Entrepreneurs Award (2016) ရရှိသည့် အသင်းအမှုဆောင် ဒေါ်မြတ်သန္တာ၊ နိုင်ငံတော်သမ္မတက ချီးမြှင့်သော သီဟသုဓမ္မသီင်္ဂီဘွဲ့ ရရှိသည့် အသင်းအမှုဆောင် ဒေါ်နွယ်နွယ်ဌေး၊ အသင်း၏ ဂုဏ်ထူးဆောင်သံတမန် ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ်တို့အား အသင်း၏ နာယက ဒေါက်တာ သန်းဦးက ဂုဏ်ပြုလွှာပေးအပ်သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့ပြီး ပြည်သူလူထု၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။ ပညာရေးလုပ်ငန်းများကို Unicef, Unesco ၊ စင်ကာပူ၊ ဩစတြေးလျ ၊ အမေရိကန်နိုင်ငံတို့ရှိ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆေးကုသရေးခရီး ၃၆ ကြိမ် သွားရောက်ကာ လူနာပေါင်း ထောင်ချီ၍ ကုသပေးနိုင်ခဲ့ပြီး အသေးစား ငွေကြေးစီမံချက်ဖြင့် အိမ်ထောင်စု ရှစ်ထောင်ကျော်ကို ကူညီပံ့ပိုးလျက်ရှိသည်။ ဤလုပ်ငန်း များတွင် တက်ကြွစွာ ဆောင်ရွက် ကြသည့် အသင်း၏ နာယကများ၊ အမှုဆောင်များနှင့် အလှူရှင်များ အား ဂုဏ်ပြုပွဲ ၁၃ ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့အလင်း