Skip to main content

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် ကြံခင်းမြို့နယ်၊ ထိန်ပင်မြောင်(အထက်)ကျေးရွာ ဆိုလာစွမ်းအင်သုံးအသေးစား ဓါတ်အားလိုင်းစနစ် ကျေးလက် မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်

ကြံခင်း ဖေဖော်ဝါရီ ၂၁

ကျေးလက်နေပြည်သူများ ဘဝမြင့်မားတိုးတက်စေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP) မဟာဓါတ်အားလိုင်းပြင်ပ (OFF-GRID) ကျေးလက်မီးလင်းရေးအစီအစဉ် ကမ္ဘာ့ဘဏ် (World Bank)ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့၏ နည်းပညာပံ့ပိုးမှုဖြင့် နိုင်ငံတော်နှင့် ပြည်သူ၊ Mandalay Yoma Energy ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော (Mini-Grid) မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့၊ ထိန်ပင် မြောင်(အထက်)ကျေးရွာ Solar Station တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ Mandalay Yoma Energy ကုမ္ပဏီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုလာစွမ်းအင်သုံး အသေးစားဓါတ်အားလိုင်းစနစ် ကျေးလက်မီးလင်းရေးဆိုင်းဘုတ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်းနှင့် ဆိုင်းဘုတ်အား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် Solar Mini Grid တည်ဆောက်ထားရှိမှုနှင့် ဓါတ်အားများ ဖြန့်ဝေပေးခြင်းများကို ကြည့်ရှုခဲ့ပြီး အခမ်းအနားစတင်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးက Solar Mini Grid အောင်မြင်စွာ ဖွင့်လှစ်အသုံးပြုခြင်းအတွက် ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းမှ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး Mandalay Yoma ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ Solar Mini Grid သည် 114 ကီလိုဝပ် ၁၀၀ ကေဗွီဂျန်နရေတာအသုံးပြုထားပြီး ၂၄ နာရီ မီးလင်းရေးအတွက် ဘက်ထရီ ၁၈၃ ကီလိုဝပ်ဖြင့် နောက်ဆုံးပေါ်ပစ္စည်းအသုံးပြုထားကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရည်ရွယ်ချက်ဖြစ်သော အသေးစားစက်မှုလုပ်ငန်းအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက် ထားပါကြောင်း၊ မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ ဘဝကို  ဘက်စုံကဏ္ဍတိုးတက်လာစေရန်  နိုင်ငံတော်အစိုးရနှင့်   ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး၊ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊  Mandalay Yoma ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ပါတီနိုင်ငံရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ထိန်ပင်မြောင် (အထက်)ကျောင်းသူလေးများ ဖျော်ဖြေမှုကို ကြည့်ရှုပြီး ဆုလက်ဆောင်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိုးမိုး ( ပြန်/ဆက် )