Skip to main content

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ထားဝယ်တက္ကသိုလ်၏ အနှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ ပြခန်းများ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၏ အနှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ဘာသာရပ်ဆိုင်ရာပြခန်းများနှင့် စတုဒိသာများဖြင့် ယနေ့နံနက် ၈ နာရီက ထားဝယ်တက္ကသိုလ် ပင်မဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တက္ကသိုလ်အဖြစ် စတင်ပေါ်​ပေါက်ခဲ့ပြီး ထားဝယ်တက္ကသိုလ်သည် ယနေ့တွင် အနှစ်(၂၀)ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးမှု၊ နည်းပညာ ဖွံ့ဖြိုးမှုတို့ကို အထောက်အပံ့ပေးရန် စသည့်ရည်ရွယ်ချက်ဖြင့် စာတမ်းဖတ်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲကနေ ထွက်ပေါ်လာမည့်  သုတေသနစာတမ်းများသည် ဒေသတွင်း အဆင့်ဖွံ့ဖြိုးမှုကို တိုက်ရိုက်အကျိုးပြုခြင်း၊ သွယ်ဝိုက်အကျိုးပြုခြင်းဆိုသော ရလဒ်ကောင်းများ ရရှိလာမည်ဟု ယုံကြည်ကြောင်း၊ စာတမ်းဖတ်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသောကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သုတေသနစာတမ်းရှင်များ၊ ဒေသအတွင်းမှ ပညာရှင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားဟောင်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ထားဝယ်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက စာတမ်းဖတ်ပွဲများပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

၄င်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ခင်းကျင်းပြသထားသော ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ထားဝယ်)၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) မှ ဘာသာရပ်အသီးသီး၏ ပန်းချီပြခန်းများ၊ ရှေးဟောင်းပစ္စည်းများ၊ သစ်ပင်ပျိုးပင်များ၊ ကျောင်းသား/သူများ၏ နည်းပညာထုတ်ကုန်များ၊ တေးဂီတဖျော်ဖြေနေမှုများ၊ ဘာသာရပ်အလိုက် စျေးရောင်းပွဲတော်နှင့် စတုဒီသာကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးသည်။

ထားဝယ်တက္ကသိုလ်၏ အနှစ်(၂၀)ပြည့် ကြွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသများမှ ပညာရှင်များနှင့် သုတေသနစာတမ်းရှင်များက  သတ်မှတ်ထားသော  ပင်မဆောင်နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ စာတမ်းများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ အထိ ဖတ်ကြားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

ကျော်ကျော်လတ် (IPRD)