Skip to main content

မကွေးတိုင်းဒေသကြီးအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ  ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် တိုင်းဒေသကြီးချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ  ဆလိုင်းမြတ်ထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားကျင်းပရာ ချင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ တိုင်းရင်းသား ရိုးရာအကအလှဖော်ဖြေမှု အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့သော ချင်းအမျိုးသားနေ့သဝဏ်လွှာကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက ဖတ်ကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှပေးပို့သည့် သဝဏ်လွှာအား  လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဖတ်ကြားသည်။

ဆက်လက်ပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက တိုင်းရင်းသားလူမျိုးများထဲက ချင်းတိုင်းရင်းသားလူမျိုးများတွင် ချင်းအမျိုးသားနေ့ဟု ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ် ရှိခဲ့သည့်အတွက် အလွန်ဂုဏ်ယူစရာကောင်းလှကြောင်း၊ အဆိုပါရက် သည် နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်လာသော သမိုင်းဝင် နေ့ရက်ဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့ ကျင်းပသည့် အကြိမ်အရေအတွက်ကို ဖလမ်းညီလာခံကျင်းပခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ရေတွက်ခြင်း ဖြစ်ပြီး ယခုဆိုလျှင် (၇၂)နှစ်မြောက်သည့်ကာလကို  ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ မြို့နယ်များတွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားများ၏ အခြေခံကျန်းမာရေးမှ အစပြုသည့် ပညာရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ချင်းလူမှုရေးအသင်းနှင့်အတူ ချင်း တိုင်းရင်းသား လုပ်ငန်းရှင်အသင်းကိုလည်း ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ဒါမှသာ မိမိတို့၏ ချင်းရိုးရာ ပစ္စည်းများ ဒေသထွက်ကုန်များကို ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီပွားရေး ဖွံ့ဖြိုး တိုးတက်လာပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝကို တိုးတက်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ  သမိုင်းနောက်ခံအကျဉ်းကို  တောင်တွင်းကြီး မြို့နယ် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဆလိုင်းခင်မောင်ဝင်းက ဖတ်ကြားပြီး ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီ (ပခုက္ကူ တက္ကသိုလ်)မှ မရာအကဖြင့် ကပြဖော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း  သိရသည်။

ဆက်လက်၍  ညနေ ၆ နာရီတွင် မြို့နယ်အသီးသီးမှ လာရောက်ဖော်ဖြေသည့် ယဉ်ကျေးမှုအဖွဲ့ များနှင့် တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ချင်းကျောင်းသား ကျောင်းသူများ ပံ့ပိုးပေးသော ချင်းဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းနှင့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အကြို တက္ကသိုလ်များမှ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ ချင်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူများ အား ဆုချီးမြှင့်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များကို  ချင်းရိုးရာအစားအစာများ၊ ခေါင်ရည်များဖြင့် တည်ခင်းဧည့်ခံကာ မြို့နယ်အသီးသီးမှ လာရောက်သည့် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ချင်းအမျိုးသားနေ့ ဂုဏ်ပြုတေးသီချင်းများ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)