Skip to main content

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၏ အဓိက လမ်းမကြီးဖြစ်သော ကျန်စစ်သား လမ်းမကြီးသည် ရွှေပေါက်ကံတံတားမှ မင်းရဲကျော်စွာလမ်းအထိ (၄၈) ပေအကျယ်ရှိပြီး ရာဇဓိရာဇ်လမ်းမှ အမှတ် (၂) လမ်းအထိ (၂၄) ပေအကျယ်သာရှိ၍ ကျဉ်းမြောင်းနေပါသဖြင့် ကျန်စစ်သား လမ်းမကို ရာဇဓိရာဇ်လမ်းမှ အမှတ်(၂)လမ်းအထိ (၄၈)ပေ အကျယ်ချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက  ပြုပြင်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘက်ဂျက်တွင် ပေ ၁၀၀၀၀ ခင်းခဲ့ပြီး မင်းရဲကျော်စွာလမ်းမှ အမှတ် ၂ လမ်းမကြီးအထိ ၂၄ ပေအကျယ်ကို တိုးချဲ့ရန် အစီအစဉ်ရှိသော်လည်း ၂၀၂၀ - ၂၀၂၁ ဘက်ဂျက်ခွဲဝေမှုပိုင်းတွင် လမ်းမကြီးပိုင်းနှင့် လမ်း သွယ်ပိုင်းကို ယူရသည့်အတွက် ခွဲဝေမှုကျန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘက်ဂျက်လုံလောက်ပါက တိုးချဲ့ရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လှော်ကားလမ်းမကြီးအား ၄၈ ပေအကျယ် လမ်းမကြီးအဖြစ် မောင်းမကန်သာလမ်းမှ ရိုးမရိပ်သာလမ်းအထိ ခင်းပေးရန်၊ လမ်းဘေးတစ်ချက်စီတွင် ၅ ပေအကျယ် ၅ ပေအနက် အုတ်ရေမြောင်း တူးဖော်ပေးရန်နှင့် လူသွားပလက်ဖောင်းလမ်း တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မောင်းမကန်သာ လမ်းမှ ရိုးမရိပ်သာလမ်းအထိ အရှည်ပေ ၁၄၃၀၀ ရှိပြီး လမ်းအကျယ် ၂၄ ပေရှိသည့် ကွန်ကရစ်လမ်းမ ဖြစ်ကြောင်း၊ ယင်းလမ်းမကြီးကို လမ်းအကျယ် ၄၈ ပေရရန် ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘက်ဂျက်တွင် ပုဂံလမ်းနှင့် ကျန်စစ်သား လမ်းပိုင်း ပေ ၈၀၀ ကို ၄၈ ပေအကျယ် တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ မောင်းမကန်ကမ်းသာ လမ်းနှင့် ပုဂံလမ်း လမ်းဆုံတွင် ဘက်ဂျက် အတိုကာလအတွင်း ပေ ၄၀၀ ကို ၄၈ ပေအကျယ် တိုးချဲ့ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် မောင်းမကန်သာလမ်းနှင့် ပုဂံလမ်းအပိုင်းကို ပေ ၂၉၆၀ အထိလမ်းတိုးချဲ့ရန် ငွေကျပ် ၃၂၇ ဒသမ ၆ သန်း လျာထားရေးဆွဲထားပါကြောင်း၊ ရေမြောင်းတူးဖော်ခြင်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် ၅ ပေ × ၅ ပေ၊ အရှည်ပေ ၇၀၀၀၊ နှစ်ဖက်အတွက် ပေ ၁၄၀၀၀  ကို ငွေကျပ် ၁ ဒသမ ၈ ဘီလီယံ လျာထားကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် လမ်းအရှည်ပေ ၂၉၆၀ ခင်းရန်နှင့် ရေမြောင်းပေ ၇၀၀၀ နှစ်ဖက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လူနေများသော ရပ်ကွက် (၃၂) ရပ်ကွက်တွင် လမ်းခင်းရန် လိုအပ်သော မြေသားလမ်းများအား လာမည့် ၂၀၂၀ - ၂၀၂၁ ဘတ်ဂျက်တွင် ကွန်ကရစ်လမ်းများ ပိုမိုခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ကို ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၃၀ ၊ ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် လမ်းမကြီး ၇ လမ်းနှင့် လမ်းသွယ် ၁၀ လမ်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ် တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၂၂ လမ်း၊ ၂၀၁၈ ခုနှစ် ဘတ်ဂျက်တိုကာလတွင် လမ်းမကြီး ၅ လမ်းနှင့် လမ်းသွယ် ၆ လမ်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် လမ်းမကြီး ၄ လမ်းနှင့် လမ်းသွယ် ၃၆ လမ်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၄၅ လမ်း တို့ကို ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်းလမ်းမကြီး ၂၅ လမ်းနှင့် လမ်းသွယ် ၁၄၉ လမ်းအထိ ပြင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် လမ်းသွယ် ၂၉ လမ်းကို ဆောင်ရွက်ပေးရန် လျာထားပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။

ထို့နောက် အရေးပေါ် အစည်းအဝေး (၁/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတင်ပြခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ လစ်လပ်လျက်ရှိသည့် တရားသူကြီး နေရာတွင် ဒေါ်ချိုမာလာအား ခန့်အပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် တိုင်းဒေသကြီး၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)နှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ၏ သဘောထား မှတ်ချက်အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဉီးတင့်လွင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) တတိယနေ့ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

 

သတင်း - ဇော်ကြီး၊

ဓာတ်ပုံ - ဖေဇော်