နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ပဲခူးတိုင်းဒေသကြီး၊ အကျဉ်း ဦးစီးဌာန လက်အောက်ရှိ ပြည်အကျဉ်းထောင်နှင့် ပေါင်းတည်အချုပ်ထောင်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ခရိုင်တရားရုံး အချုပ်ခန်း၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီး အချုပ်ဆောင်၊ ပြည်မြို့နယ် မြို့မရဲစခန်း အချုပ်ခန်း၊ အမှတ် (၁) နှင့် အမှတ် (၃) နယ်မြေ ရဲစခန်း အချုပ်ခန်းများနှင့် ပေါင်းတည် မြို့နယ်တရားရုံး အချုပ်ခန်း၊ ခုတင် ၅၀ ဆံ့ ဆေးရုံဆောင်၊ မြို့မရဲစခန်းနှင့် မှတ်တိုင်နယ်မြေ ရဲစခန်း အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်များ၊ ရဲစခန်း အချုပ် ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် ဆေးရုံအချုပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့် အရေးဖောက်ဖျက်ခံရခြင်း ရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများရရှိမှု ရှိ မရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။
သတင်းစဉ်