Skip to main content

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၀) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူများ မတွေ့ရှိ ရသေးသော်လည်း အချိန်မရွေးလူနာများ ဖြစ်ပွားတွေ့ရှိ လာနိုင်သည်ဆိုသည့်အချက်ကို မိမိတို့ ဝန်ထမ်း များနှင့် ပြည်သူများသည် အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် ယင်းအချက်ကို နောက်ခံထား၍ ရောဂါကာကွယ်မှု၊ ထိန်းချုပ်မှုလုပ်ငန်းများကို ဆေးရုံများ၌ ပိုမိုထိရောက်စွာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ အကယ်၍ COVID-19 လူနာ (၄) – (၅) ဦး တစ်ချိန်တည်း စုပြုံ၍ဆေးရုံတစ်ရုံသို့ ရောက်ရှိလာပါက မည်သို့ဆောင် ရွက်ရမည်ကို ကြိုတင်စဉ်းစားထား၍ အသင့်ပြင် ဆင်ထားရှိရမည် ဖြစ်ပါကြောင်း။

ထိုသို့ လူနာများတွေ့ရှိခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဖြစ်ရပ်အခြေပြုနှင့် စားပွဲတင် လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ လမ်းညွှန်မှုများပေးအပ်ရန် အရေးကြီးပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဆေးရုံများအား ဗဟိုအဆင့် ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျန်ဆေးရုံကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှ ကွပ်ကဲဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ဆေးရုံများ တွင်ကြို တင်ပြင်ဆင်မှုများကို ရေးဆွဲထားသော Checklist များဖြင့် ချက်ချင်းစစ်ဆေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်နှင့် နီးသောဆေးရုံများ၌ ကြိုတင်စိစစ် ဆန်းစစ်ကာ ဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း။

တစ်ပါတည်းပြောကြားလိုသည်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ အနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်သူ များ၏ ပူးပေါင်းမှုဖြင့် လုပ်ငန်းများ‌ကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်မှုတွင် ဆေးရုံနှင့် ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း များသည် ယခုလောလောဆယ်အချိန်ကာလ၌ မရှိမဖြစ်လုပ်ဆောင်ရန် အရေးပါသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (TMO) များက သက်ဆိုင်ရာမြို့နယ်အလိုက် အထူး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီးသော COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းများအတွက် ညွှန်ကြားချက်များ၊ ပြည်သူများအတွက် အသိပေးနှိုးဆော်မှုအကြောင်း အချက်များ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုအဆင့်  နေ့စဉ်အစည်းအဝေး မှတ်တမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများနှင့် နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သည့် သတင်းများ၊ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများ အစရှိသည်တို့ကို သိသာထင်ရှား ဖတ်ရှုလွယ်စေရန်အတွက် စနစ်တကျထားသိုထားရမည်ဖြစ်ပါကြောင်း။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက်များ၊ ညွှန်ကြားချက်များအား နေ့စဉ်နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ပြီး လက်တွေ့မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေနှင့် လိုက်လျောညီ ထွေဖြစ်မည့် မဟာဗျူဟာများ ချမှတ် လုပ်ဆောင်ရန်လိုအပ်ပါကြောင်းနှင့် ယခုလက်ရှိတွင် ထိုသို့ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကျန်းမာရေး လုပ်ငန်း တာဝန်ရှိသူများအနေဖြင့် အခြားနိုင်ငံများရှိ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးလုပ်ငန်း တာဝန်ရှိသူများနှင့် ထူးခြားဖြစ်စဉ်များအပြင်၊ လုပ်ငန်းစဉ်များအားလည်း အသိပေးညှိနှိုင်းဖလှယ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဤရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ ကမ္ဘာတွင် ဆောင်ရွက်နေမှုများနှင့် ချိတ်ဆက်မှုရှိရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင် အဖွဲ့များသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထပ်မံရောက်ကြောင်း သိရှိရသည့် အတွက် ဤရောဂါနှင့်ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ဖြစ်ပွားမှု သတင်းအချက်အလက်များ ပိုမိုတိကျ ပြည့်စုံစွာသိရှိနိုင်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း။

အလားတူစွာ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများသည် နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တစ်ပတ်လျှင်  အနည်းဆုံး နှစ်ကြိမ် တယ်လီဖုန်းနှင့် ခေတ်ပေါ်ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုဆက်သွယ်၍ သတင်းများဖလှယ်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀၀) လျှင် (၈၀) ရာခိုင်နှုန်းမှာ ပြင်းထန်မှုနည်းပါး သောရောဂါခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့် ရောဂါခံစားရခြင်း၊ (၅) ရာခိုင်နှုန်းမှာ အထူးပြင်းထန်စွာရောဂါခံစားရခြင်း ဖြစ်ပွားသည်ဟု သိရှိရသည့်အချက်မှာ ပြည်သူ့ ကျန်းမာရေးရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ ရသည့်အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုရှိလာပါကလည်း ဤပုံစံအတိုင်း ဖြစ်နိုင်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယခုလောလောဆယ် ကာလအတွင်း တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ပြုလုပ်ရန်လိုအပ်ပါကြောင်း။

ရောဂါပိုးသတ်သန့်စင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတုဆေးပစ္စည်းများ မိမိတို့ လက်ဝယ်ရှိမှု အခြေအနေနှင့် လိုအပ်ပါက ချက်ချင်း ဖြည့်တင်းဆောင်ရွက်သွားရန် ဘဏ္ဍာငွေချထားမည်ဖြစ်ပါကြောင်း။

ခြုံငုံသုံးသပ်ရမည်ဆိုပါက COVID-19 နှင့် ပတ်သတ်၍ စောစီးစွာ စုံစမ်းထောက်လှမ်းခြင်း နှင့် ကုသပေးခြင်း ( Early detection and prompt treatment) ၊ အနီးကပ်ထိတွေ့ သူများအား စုံစမ်းထောက်လှမ်းခြင်း (Contact tracing)  သေချာစနစ်ကျစွာ အားလုံးပေါင်း စည်းလုပ်ကိုင်ပါက မိမိတို့ မျှော်မှန်းသည့် COVID-19 ရောဂါ ဖြစ်ပွားမှုမရှိခြင်း ဖြစ်ပွားပါကလည်း ထိခိုက်သေဆုံးမှုနည်းပါးခြင်း စသောအခြေအနေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိအပါအဝင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများအားလုံးနှင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင်-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ WHO Situation Report no.31 ၌ သံသယလူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာ သတ်မှတ်ချက် ပြောင်းလဲခဲ့မှုအား တင်ပြမှု၊ COVID-19 ရောဂါနှင့်ပတ်သတ်သည့် ရောဂါဗေဒဆိုင်ရာများ၊ နိုင်ငံတကာတွင် ဆောင်ရွက်ထားရှိသော  သုတေသနစာတမ်းများအား အကျဉ်းချုပ်တင်ပြမှု၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ အကြောင်းကြားထားသည့် မြန်မာနိုင်ငံသို့ဝင်ရောက်ရန်ရှိသည့် အပျော်စီး သင်္ဘောများ၏ ခရီးလမ်းစဉ်၊ ခန့်မှန်းခရီးသည်စာရင်း၊ နိုင်ငံတကာဆိပ်ကမ်းများတွင် တက်/ဆင်းခရီးသည် အသစ်များရှိမှု၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆိပ်ကမ်းအာဏာပိုင်များ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ဆွေးနွေး ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ အမေရိကန် US CDC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့မှု၊ ၎င်းအဖွဲ့မှ ဝန်ကြီးဌာန၏ လက်ရှိ ဆောင်ရွက်နေသော လူထုအခြေပြုရောဂါ စောင့်ကြပ်ကြည့်ရှုမှုအပေါ် ဆက်လက်လုပ်ဆောင်ရန် ထောက်ခဲ့မှု၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တရုတ်နိုင်ငံသား (၈) ဦးအား လုပ်ငန်းခွင်အတွင်း အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြခြင်း၊ မန္တလေးမြို့ရှိ ကန်တော် နဒီဆေးရုံ၌ သီးခြားထားရှိကုသဆောင် ပြင်ဆင်ထားရှိ ဆောင်ရွက်နေမှုအခြေ အနေများ၊ ခုတင် (၅၀) နှင့် အထက်ဆေးရုံများတွင် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများတွင် အသုံးပြုရန် လက်ကိုင် အသံချဲ့စက်ငယ်များ စီမံဝယ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စောင့်ကြည့်လူနာများတွင် ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီးနောက် (၄၈) နာရီ ထပ်မံထား ရှိပြီးမှသာ ဆေးရုံမှဆင်းခွင့်ပေးမှု၊ ထိုသို့ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း (၁၄) ရက်ကြာ ရောဂါ စောင့်ကြပ်ကြည့်ရှုမှု စောင့်ကြည့်လူနာ၏ လိပ်စာနှင့် ဖုန်းနံပတ်များရယူ၍  ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆက်သွယ်ဆောင်ရွက်နေမှု၊ ဆေးရုံများအတွက် အသက်ရှူစက်များ (Ventilator) များ ထပ်မံဝယ်ယူ ဖြည့်တင်းထားရှိမှုနှင့် ဆက်လက်ဝယ်ယူရေး စီစဉ်ထားရှိမှု၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို တွက်ဆရေးဆွဲထားသည့် စီမံချက် (COVID-19 Contingency plan) အား ရေးဆွဲထားရှိမှုနှင့် နိုင်ငံတကာမှ လာရောက်ရန်ရှိသည့် ဆေးပစ္စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။

 

(သတင်းစဉ်)