Skip to main content

မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ  ၂၂

မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19)  လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မကွေးတိုင်းဒေသကြီးသည် ဧရိယာအကျယ်အဝန်းများပြားပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ခဲ့ကြကာ နေရပ်သို့ပြန်လာသူများ မြို့နယ်အနှံ့အပြားသို့ ရောက်ရှိလျက်ရှိသော စာရင်းကို သုံးသပ်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၌ ဤရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်ရန် နယ်စပ်မြို့များ၌ အရေးကြီးသည်နှင့်အလားတူ အရေးကြီးပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Coronavirus Desease (COVID-19)  လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားကူးစက်မှုများ ဆက်လက်များပြားလျက် ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Desease (COVID-19)  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားသူများ မတွေ့ရှိရသေးသော်လည်း အချိန်မရွေး ဖြစ်ပွားတွေ့ရှိလာနိုင်ပါကြောင်း၊  သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး အတွင်း၌ရှိသော နှီးနွှယ်ဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် မိမိတို့၏ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများသည် စနစ်တကျ ချိတ်ဆက် ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

ထိုသို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လူနာများ ရုတ်တရက်ဖြစ်ပွား ပေါ်ပေါက်ပါက သီးခြားထား ရှိကုသမှုပေးရန်အတွက် မကွေးပြည်သူ့ဆေးရုံကြီး၌  ယခုအသစ်ဆောက်လုပ် ပြီးစီးပြီး အသုံး မပြုရသေးသည့် (၅) ထပ်ဆောင်သစ်၌ စီစဉ်ထားရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ ယခုကာလ၌ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများသည် ရောဂါ ထပ်မံပြန့်ပွားမှု မရှိစေရန် အရေးအကြီးဆုံး ဖြစ်သည့်အတွက် အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် လိုအပ်သည့် အသက်ရှူစက်များ၊ လူနာ၏အခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ် ကြည့်ရှုနိုင်သည့် စက်ကိရိယာများ အစရှိသည်တို့ကို ဗဟိုမှ ထပ်မံဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် အစည်းအဝေးကို နေ့စဉ်ပြုလုပ်ကာ ကုသရေးဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာနှင့် ကပ်ရောဂါဗေဒ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အမြဲမပြတ် ပေးအပ်ခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။

အလုံးစုံသော ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသည် အဓိကညှိနှိုင်း ကွပ်ကဲသူများ အဖြစ်လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး (TMO) များ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များက လက်တွေ့မြေပြင်တွင် လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ဆောင်ချက်များ၊ ဝန်ထမ်းများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများနှင့် ပြည်သူများအတွက် ကျန်းမာရေး အသိပေး နှိုးဆော်မှုများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) နှင့် ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း လုပ်ဆောင်ချက်များကို လုပ်ငန်း လမ်းညွှန်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများကို အမြဲမပြတ် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုလေ့လာသုံးသပ်၍ မိမိတို့၏ တိုင်းဒေသကြီးနှင့် လိုက်လျောညီထွေဖြစ်မည့် ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်း များကို လုပ်ဆောင်စေလိုပါကြောင်း။

ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ COVID-19 ရောဂါပိုး ဓာတ်ခွဲအဖြေရှာမှုကို ပြုလုပ်နိုင်ပြီဖြစ်သဖြင့် စောင့်ကြည့်လူနာနှင့် သံသယလူနာများအား (၆) နာရီအတွင်း စစ်ဆေးအဖြေထုတ နိုင်ပြီဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ရှိ နှီးနွှယ်ဌာနများ၏ ပူးပေါင်းကူညီမှုများကိုတွေ့ ရှိရသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် ကောင်းမွန်သော လက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀၀) လျှင် (၈၀) ရာခိုင်နှုန်းမှာ မပြင်းထန်သော သာမန်လက္ခဏာကိုသာ ခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့်ရောဂါခံစားရခြင်း၊ (၅) ရာခိုင်နှုန်းမှာ အထူးပြင်း ထန်စွာ ရောဂါခံစားရခြင်း ဖြစ်ပွားသည်ဟု သိရှိရသည့် အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ရသည့် အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု ရှိလာပါကလည်း ဤပုံစံအတိုင်း ဖြစ်နိုင်ပါကြောင်း၊         ဝန်ကြီးဌာနရှိ ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော  ဝန်ထမ်းများအနေဖြင့် ပြည်သူများ အကျိုးအတွက် ဆောင်ရွက် နေခြင်းဖြစ်သည်ကို စိတ်နှလုံးသွင်း၍ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွား ကူးစက်မှု မရှိစေရေးနှင့် အကယ်၍ ရောဂါဖြစ်ပွားသူများ ရှိပါကလည်း ပြန့်ပွားကူးစက်မှုမရှိ စေရေးနှင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရေး ဆက်လက် အားထုတ်ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နေရာဒေသအလိုက်၊ ကျန်းမာရေးရှုထောင့်မှသာမက လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးကိုပါ ထည့်သွင်းစဉ်းစား၍ အသင့်တော်ဆုံးသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းဆုံးဖြတ်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိလွင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် လက်ရှိနောက်ဆုံး ရှာဖွေတွေ့ရှိချက်များ အပေါ်မူတည်၍ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံများကိုလည်းကောင်း။

ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုနေမှုများကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့် အညီ ဆေးရုံများတွင် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေးအသိပညာမြှင့် တင်ရေး) ဒေါက်တာသန်းနိုင်စိုး က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နေမှုနှင့် အသိပေးနှိုး ဆော်မှုများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာသောင်းလှိုင် က မကွေးတိုင်းဒေသကြီးအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က မကွေး တိုင်းဒေသကြီးတွင် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အစိုးရအဖွဲ့မှ ဆက်လက်ပံ့ပိုးသွားမည့် အစီအစဉ်များကို  ရှင်းလင်းပြောကြားသည်။

(သတင်းစဉ်)