နေပြည်တော် ဖေဖော်ဝါရီ ၂၂
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက် ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) focal point) များနှင့် ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် (၁၉-၂-၂၀၂၀) ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံသား တစ်ဉီးအား COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ သံသယလက္ခဏာများဖြင့် တွေ့ရှိခဲ့သည် ဟူ၍ Anugrah Narayan Medical Colleague Hospital (ANMCH) တွင်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း မီဒီယာသတင်းတစ်ခုတွင် တွေ့ရှိခဲ့သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) focal point) မှ အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် ဆက်သွယ်ရေးအရာရှိထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့မှု အဖြေအရ အဆိုပါလူနာ၌ COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း၊ လူနာတွင်လည်း ရောဂါလက္ခဏာများမရှိဘဲ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း” အား (၂၂-၂-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် သတင်းပြန်ကြားလာခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အသေးစိတ် သတင်းအချက်အလက်များထပ်မံရရှိပါက လိုအပ်သလို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar