Skip to main content

မောင်တောမြို့နယ် လောင်းဒုံတံတား အောက်၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မောင်တောမြို့နယ် လောင်းဒုံချောင်း တံတားအောက်မှ လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့်  သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် စပယ်ကုန်းကျေးရွာအနီး ၊ လောင်းဒုံ - ငါးခူရကားလမ်းမှ  အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေ ခန့်ရှိ လောင်းဒုံချောင်း ကွန်ကရစ်တံတား အောက် ယက်မ နှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်) ၌ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ သဖြင့် တာဝန်ရှိသူများက  ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း။

အဆိုပါ နေရာတွင် စောင်တစ်ထည်ဖြင့် ထုတ်ထားပြီး အဝအချင်း ၁၃ လက်မခွဲ၊ အတွင်း အချင်း ၁၈ လက်မ၊ အောက်ခြေအချင်း ၈ လက်မ ၊ အမြင့် ၁၃လက်မ ခန့်ရှိ အဖုံးပါ ဒန်အိုး တစ်လုံးအား တွေ့ရှိပြီး ဒန်အိုးအတွင်း ဂွမ်းများ၊ ယမ်းစိမ်း နှင့် ပြဒါးမှုန့်များ ရောစပ်ထားသော လက်လုပ်ယမ်းများ၊ ဖန်ဂေါ်လီ အလုံး ၁၀၀၀ ခန့် ထည့်ထားပြီး လက်ပတ်နာရီ ၁ လုံး၊ ဆားကစ် ၁ ခု၊ ၉ ဗို့ ဘက္ထရီ ၂ လုံး၊ လျှပ်စစ် စနက်တံ ၃ ချောင်းတို့ကို ဝိုင်ယာကြိုးဖြင့် ဆက်ကာ အသက် သွင်းထားသော ဒေသန္တရာ လက်လုပ်မိုင်း  ၁ လုံးဖြစ်သဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် လက် လုပ်မိုင်းအား သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)