Skip to main content

နေပြည်တော် ရေပန်းဥယျာဉ်ပန်းပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများသည် ပန်းပွဲတော်တွင် စိုက်ပျိုးထားသည့် ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံအလှကို ခံစားအပန်းဖြေရင်း အထူးစည်ကား လျက်ရှိသည်။

ပန်းပွဲတော်သို့ ပျင်းမနားမြို့မှ လာရောက်လည်ပတ်သူ မသွယ်သွယ်ဝင်းက “ကျွန်မတို့က မိသားစုလိုက် ပျဉ်းမနားကနေ လာခဲ့တာပါ။ ပန်းပွဲတော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အခုလို ပန်းပွဲတော်လုပ်ပေးတာ တကယ်ပျော်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပန်းတွေများပြား လှပအောင် ပုံစံမျိုးစုံနဲ့ လုပ်ပေးစေလိုပါတယ်။ ကလေးကစားကွင်း လုပ်ထားပေးတဲ့ အတွက်လည်း ကလေးပါတဲ့ မိသားစုတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။ ကစားစရာနည်းတော့ ကစားစရာ များများနဲ့ ကစားကွင်းကို ကျယ်ကျယ်လေးလုပ် ပေးရင်ပိုကောင်းမယ် ထင်ပါတယ်။ ဝင်ကြေးကလည်း သင့်တင့်ပါတယ်။  အကြံပေးချင်တာကတော့ လာလည် တဲ့သူတွေကိုလည်း အမှိုက်တွေသေချာစွန့်ပစ် ပေးစေချင်တယ်။ အမှိုက်ပုံးတွေကို နေရာတိုင်းမှာ ထားပေးရင် ပိုအဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ယနေ့ပန်းပွဲတော်တွင် ည ၆ နာရီမှ ၁၁ နာရီထိ Myanmar Idol အဆိုရှင်များ ဖြစ်သည့် သားငယ်၊ ဘင်ဂျမင်ဆန်၊ စောခရစ်မူးလာ၊ နေလင်းကျော်၊ နော်စေးစေးထူး၊ ခြူးစစ်ဟန်၊ ထက်အဉ္စလီနှင့် နှင်းအိအိဝင်းတို့က ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြသည်။

ပန်းပွဲတော်တွင် ပြည်တွင်း ပြည်ပ ဒီဇိုင်းပညာရှင်များက ပန်းအမျိုးအစားပေါင်း ၃၀ ကျော်ဖြင့် ပန်းပြကွက်မျိုးစုံကို ပန်းပင်ပေါင်း နှစ်သိန်းခွဲခန့်ဖြင့် စိုက်ပျိုး ခင်းကျင်းပြသထားသည်။ ပန်းပွဲတော်အတွင်း စိုက်ပျိုးခင်းကျင်းပြသထားသော ပန်းများတွင် ပန်းအစစ် ၉၀ ရာခိုင်နှုန်းနှင့် ပန်းအတု ၁၀ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။

ပန်းပွဲတော်အတွင်း ဖျော်ဖြေရေး အစီအစဉ်အဖြစ် နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို မတ် ၃၁ ရက်အထိ အပတ်စဉ် စနေနေ့များတွင် ထည့်သွင်းကျင်းပလျက်ရှိပြီး တနင်္ဂနွေနေ့များတွင် ပြဇာတ်၊ အငြိမ့်၊ ယဉ်ကျေးမှုပြပွဲနှင့် ပြည်သူများကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပလျက်ရှိသည်။

အဆိုပါ ပန်းပွဲတော်ကို နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအပြင် နိုင်ငံခြားခရီးသွား ဧည့်သည်များပါ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ရေပန်းဥယျာဉ်ကို ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ-ဟိန်းမင်းစိုး