နေပြည်တော် အောက်တိုဘာ ၁၃
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ် ဆောက်လုပ်ခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့ မြို့မရပ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ပလက်ဝမြို့နယ်အတွင်းရှိ အောက်သဲမဝ၊ ဘောင်ဝ၊ စိမ့်စမ်း၊ ငံ၊ အန်ခခိုဝ၊ ဆီဖလောင်၊ တမန်းသားနှင့် ပလက်ချောင်းဝကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၂ စု၊ လူဦးရေ ၇၁၄ ဦးတို့အတွက် အိမ်အသစ် ၄၆ လုံး ဆောက်လုပ်ရန်နှင့် နေအိမ် ၁၀၃ လုံးကို ပြန်လည် ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများကို ကျေးရွာအလိုက် အိမ်ထောင်စုဝင်များထံ ပေးအပ်လှူဒါန်း သည်။
တပ်မတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ရာနေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးခြင်းများအပြင် နေအိမ်ဆောက်လုပ်ပြုပြင်ရန် လိုအပ်မှုများနှင့် လုပ်ကိုင် စားသောက်ရန် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်