Skip to main content

သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမား ဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့် ပါဝင် သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့် ပါဝင်သက်ဆိုင်သူများ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲဖွင့်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲသည် နိုင်ငံတော်အနေဖြင့် ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အလုပ်သမားဥပဒေပြင်ဆင်ရေးနှင့် သင့်လျော်ကောင်းမွန်သော လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့်အထောက်အပံ့များရရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အခြားဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည့် အလုပ်သမားရေးရာ ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်နိုင်ရန်နှင့် အဆိုပါကဏ္ဍနှင့် သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အစိုးရမဟုတ်သည့် ပြည်ပ အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်း များ၊ ကျွမ်းကျင်ပညာရှင်များတက်ရောက်ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ချမှတ်ဆောင်ရွက် ပေးနိုင်ရေးအတွက်ဖြစ်ပါကြောင်း။

ဆွေးနွေးပွဲပထမနေ့တွင် ကောင်းမွန်သောဥပဒေမူဘောင်များနှင့် အလေ့အကျင့်ကောင်း များကို လိုက်နာ ကျင့်သုံးခြင်းဖြင့် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်များ ပိုမိုဖန်တီးပေး နိုင်ရန်နှင့် မူဝါဒပိုင်းနှင့် လုပ်ငန်းခွင် များတွင် လူမှုရေးတွေ့ဆုံဆွေးနွေးမှုများ အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်များ မြှင့်တင်ခြင်းလုပ်ငန်းစဉ်၏ အဓိကကျ သောအခန်း ကဏ္ဍတစ်ရပ်အနေဖြင့် အလေးထားဆွေးနွေးကြမှာဖြစ်ပါပြီး  ဒုတိယနေ့တွင် အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းစဉ်နှင့် လတ်တလော ဦးစားပေးဆောင်ရွက် ရမည့်နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာတွေကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ILO တို့မှ နိုင်ငံ၏ လိုအပ်ချက်၊ ILO စံနှုန်းများ၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ကိုက်ညီမှုရှိသော မြန်မာနိုင်ငံအတွက် ပထမဆုံးသင့်လျော် ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ် (Decent Work Country Programme-DWCP)(၂၀၁၈-၂၀၂၁)ကို ရေးဆွဲ၍ ထုတ်ပြန်နိုင်ခဲ့ပြီး  ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထောက် အပံ့နှင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။

အဓမ္မခိုင်းစေမှုနှင့် အကျုံးဝင်သည့် အသက်မပြည့်စုဆောင်းမှုနှင့် ဆန္ဒမပါဘဲ စုဆောင်းခံ ရမှုများကိုလည်း UNCTFMR နှင့် National Complaint Mechanism တို့ဖြင့် ဖြေရှင်းဆောင် ရွက်ပြီးဖြစ်၍ အဓမ္မခိုင်းစေမှု ပပျောက်စေရေး အထူးအလေးထားဆောင်ရွက်နေမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ILO က အပြည့်အဝ ယုံကြည် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါလတွင် ၁ ဒသမ ၄၆ သန်းကျော် ရှိရာ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် တိုးတက်များပြားလာ သည့် အာမခံ အလုပ် သမား များအတွက် အကျိုးခံစားခွင့်များအား ထိရောက်မြန်ဆန်စွာ ပေးနိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ILO ၏ နည်းပညာအကူအညီ၊ မိတ်ဖက်အဖွဲ့ အစည်းများ၏‌ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

ကလေးအလုပ်သမားပပျောက်ရေးအတွက် အမေရိကန်အကူအညီဖြင့် ၅နှစ် စီမံကိန်း ၃ ကြိမ် ၁၅ နှစ် စီမံကိန်းဖြင့် ဒုတိယသမ္မတဦးဆောင်သော အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီ ၈ခုဖွဲ့စည်းပြီး ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက် လျက်ရှိပြီး ILO ရာပြည့်အထိမ်းအမှတ်အဖြစ် အနိမ့်ဆုံး အသက်ပြဋ္ဌာန်းချက်အမှတ် ၁၃၈ကို လက်ခံကျင့်သုံးရေး လွှတ်တော်က အတည်ပြုပြီးဖြစ်ပါသဖြင့် formal ratification process ကိုဆောင်ရွက်နေပါကြောင်း။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိအခြေခံ အလုပ် သမား အဖွဲ့အစည်း ၂၈၀၀ ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အလုပ်သမား အဖွဲ့အစည်း ၂၄ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ၁ဖွဲ့၊ စုစုပေါင်း အလုပ်သမားအဖွဲ့အစည်း ၂၉၉၀ ဖွဲ့နှင့်အခြေခံအလုပ်ရှင် အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြို့နယ် အလုပ်ရှင် အဖွဲ့အစည်း ၁ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ စုစုပေါင်း အလုပ်ရှင် အဖွဲ့အစည်း ၂၉ ဖွဲ့ ကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်  အကူအညီပေးကြ သည့် ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်မိတ်ဖက်အဖွဲ့ အစည်းများနှင့် နိုင်ငံများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအားလုံးမှ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲရေး တွင် ဆက်လက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် နည်းပညာနှင့်အထောက်အပံ့ ကောင်းများကို ဆွေးနွေးအဖြေရှာနိုင်ရန် နှင့် ထိထိရောက်ရောက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Greg Vines ၊ ဥရောပသမဂ္ဂ ဒုတိယဌာန ကိုယ်စားလှယ် Ms. Eszter Nemeth၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး  Mr. John Nielsen ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မှ ဒုတိယသံအမတ်ကြီး Mr. George Sibley နှင့် UN Resident Coordinator မှ ယာယီဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan တို့က အမှာ စကားပြောကြားကြသည်။

ဆွေးနွေးပွဲ တွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမား ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၅)ရက်အထိ နှစ်ရက်တာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)