Skip to main content

ကယားလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံ

လွိုင်ကော် ဖေဖော်ဝါရီ ၂၅

ကယားပြည်နယ် ကယားလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Kayah Youth Enterpreneurs Association – KYEA) အား ပြည်နယ်အတွင်းရှိ လူငယ်များအားလုံးပါဝင် ဖွဲ့စည်းနိုင်ရေးနှင့် Iuchi Full Scholarship / Toyo University ၏ Scholarship အကြောင်းမျှဝေပွဲအား နည်းပညာတက္ကသိုလ်(လွိုင်ကော်)နှင့် အထက (၁)လွိုင်ကော် တို့တွင်လည်းကောင်း၊ စွန့်ဦးတီထွင်စီးပွားရေးဖွံ့ဖြိုးမှုနှင့် ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းအား လွိုင်ကော်မြို့နယ် ခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်ခွင့်ရရှိနိုင် ရေးအတွက် အသင်းတည်ထောင်လိုသည့် ပြည်နယ်အတွင်းရှိ လူငယ်များက ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံကြသည်။

ရှေးဦးစွာ လူငယ်များအဖွဲ့မှ ကယားလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းဆောင်ရွက်လိုသည့် အခြေအနေများ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၏ လှုပ်ရှားဆောင်ရွက်မှု များ၊ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့တွင် အသင်းတည်ထောင်လိုသည့် လူငယ်များအနေနှင့် ပြခန်းတစ်ခုဖွင့်လှစ်၍ လှုပ်ရှား ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ SME လုပ်ငန်းများနှင့် စပ်လျဉ်း၍ သင်တန်းဖွင့်လှစ် ပို့ချဆောင်ရွက်လိုသည့် အခြေအနေများ၊ ပညာတော်သင်သင်တန်း အသိပညာပေး ဆောင်ရွက်မည့် အခြေအနေ များ၊ SME သင်တန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအမံများ၊ ရည်ရွယ်ချက်များ နှင့် မျှော်မှန်းချက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားလူငယ်စွန့်ဦး တီထွင်လူငယ်များ အသင်းဖွဲ့စည်းခြင်းအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် စနစ်တကျ ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရ အဖွဲ့အနေနှင့် အခွင့်အရေး အခွင့်အလမ်းများတစ်ပြေးညီ ပေးအပ်နေချိန်တွင် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်၍ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်ဖြစ်ပြီး အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် တစ်ပြည်နယ်လုံးရှိ လူငယ်များလွှမ်းခြုံပါဝင်နိုင်ရေးအတွက် စနစ်တကျစိစစ်ဆောင်ရွက် ရန်လိုကြောင်း၊ သင်တန်းများ ပို့ချရာတွင် လည်း အကျိုးရှိစွာဖြင့် အလေးထားကြရန်လိုကြောင်း၊ အသင်းတွင် ပါသင့်ပါထိုက်သည့် လူငယ်များပါဝင်အောင် ဆောင်ရွက်ရန်နှင့် ဖိတ်ကြားသင့်သည့်အဖွဲ့များပါဝင်တက် ရောက်နိုင်ရေးအတွက် ဖိတ်ကြားရန်လိုကြောင်း၊ လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့အနေနှင့် လိုအပ်သည့်ပံ့ပိုးမှုများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်များအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး(ပြန်/ဆက်)