နေပြည်တော် ဇန်နဝါရီ ၄
၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ကြ သူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို မိမိတို့၏အသက်နှင့် ခန္ဓာကိုယ်ကို မငဲ့ဘဲ ရဲစွမ်းသတ္တိအပြည့်ဖြင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင် ခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းသည့် တန်ဖိုးဂုဏ်ဒြပ် ကြီးမြတ်လှသည့် အခမ်းအနားဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားရေး တာဝန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ နိုင်ငံတော် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ ကောင်းမြတ်သည့် သမိုင်းစဉ်လာများနှင့်အညီ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်စွန့်လွှတ်ခြင်းများစွာနှင့် အမျိုးသားရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
တပ်မတော်သားများနည်းတူ တပ်မတော်၏ ကာကွယ်ရေး အရန်အင်အားဖြစ်သည့် တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ဇာနည်ရဲမေများသည်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အသက်ကိုပဓာနမထားဘဲ ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် လူတိုင်းစွန့်နိုင်ခဲ၊ လုပ်ဆောင်နိုင်ခဲသည့် တာဝန်များကို ကျေပွန်စွာ စွန့်လွှတ်လုပ်ဆောင်ခဲ့သူများအတွက် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခါသမယတွင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးကို ထမ်းဆောင်သည့်နေရာတွင် “အာဇာနည်ဟူသည် အသက်ကို ခင်တွယ်ရိုးထုံးမရှိ၊ အာဇာနည်ဟူက အသက်ကို စွန့်မြဲတည်း” ဆိုသည့် အာဇာနည်စိတ်ဓာတ်မွေးပြီး အရိုးကြေကြေ အရေခမ်းခမ်း သက်စွန့်ကြိုးပမ်းသူများသည် မိမိတို့တပ်မတော်တွင် စဉ်ဆက်မပြတ် ပေါ်ထွန်းခဲ့သောကြောင့်လည်း ယနေ့ချိန်ထိ မြန်မာနိုင်ငံဟူ၍ ကမ္ဘာ့အလယ်တွင် ခန့်ခန့်ထည် ထည်ရပ်တည်နေနိုင်ခြင်းပင် ဖြစ်ကြောင်း။
ယခုအခမ်းအနားမှာ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူ ၁၅ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၆ ဦးတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၀ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၂၈ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း ခံကြသူများသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြုံတွေ့ရသမျှ အခက်အခဲများကို အမှုမထားဘဲ အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပြီး ပြောင်မြောက်သည့် သူရသတ္တိများနှင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် ဆောင်ရွက်မှု၊ စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသော သန္နိဋ္ဌာန်စိတ်ဓာတ်များနှင့် တာဝန်ထမ်းဆောင်မှုများအတွက် အထူးပင်ဂုဏ်ယူမိပါကြောင်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်း မခံရသော်လည်း စွမ်းဆောင်ခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း။
တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ကြရာတွင် စွန့်လွှတ်စွန့်စား၍ အသက်ကိုပဓာနမထားဘဲ အမိနိုင်ငံတော်နှင့် ပြည်သူ၊ ပြည်သားများအတွက် ပေးအပ်လာသည့် ရည်မှန်းချက် တာဝန်များကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် မတွန့်မဆုတ် ဦးဆွေးဆံမြည့် ကျေပွန်အောင်မြင်အောင် ထမ်းဆောင်ပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော မျိုးချစ်တပ်မတော်သားကောင်း ဇာနည်များဖြစ်အောင် အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် အမွေခံ ၆ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြသည့် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်မှူး ၁ ဦးတို့အား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် အမွေခံ ၁ ဦးတို့အားလည်းကောင်း သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်နှင့်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနား တက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။
ယနေ့တွင် သီဟသူရဘွဲ့ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၃ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၉ ဦးတို့ဖြစ်ရာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူ စုစုပေါင်းအနေဖြင့် အောင်ဆန်းသူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၉ ဦး၊ သူရဘွဲ့ ၅၄၅ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၂၀၁၁ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ် ၃၃၇ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၈၈၉ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၇၁၃ ဦးတို့ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်