နေပြည်တော် ဇန်နဝါရီ ၁၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့်ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ သီးနှံများစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက် နှုန်းများအတိုင်းထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှုနှင့် တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ တောင်သူများအားအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိမှုနှင့် မျိုးစေ့နှင့်ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့မှု၊ ကော်ဖီ၊ လက်ဖက်၊ ရာဘာများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ သီးထပ်များစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တိရစ္ဆာန်အစာများအား ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်ကြမ်းများဖြင့် ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများ မပြုလုပ်စေရေးကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေအားလျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိမှု၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖများက ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းတို့ကို ပြည်ထောင်စုလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှု၊ လွယ်မွေအပန်းဖြေတောင်စခန်းမြို့၌ ပန်းပွဲတော်ကျင်းပခဲ့မှုနှင့် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ချယ်ရီပင် ၁၄၀၀၀ ခန့်အား စိုက်ပျိုးပြီးစီးမှု၊ နိုင်ငံတော်ယာယီသမ္မတအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လာရောက်ခဲ့ပြီး လိုအပ်သည်များလမ်းညွှန်ပေးခဲ့သည့်အတွက် ဒေသအတွင်းတစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာဖွံဖြိုးတိုးတက်လာမှုအားတွေ့မြင်ရပြီး ဒေသခံများအနေဖြင့်လည်း ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိမှု၊ ကျိုင်းတုံမြို့ နမ့်လပ်ချောင်းရေကြီးရေလျှံမှုလျော့ပါးစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရပ်ကွက်(၃)နှင့်(၄)တို့အတွင်းရှိ လမ်းများစနစ်တကျကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများနှစ်စဉ်ကြုံတွေ့ရလျက်ရှိမှုအား နိုင်ငံတော်မှဖြေရှင်းဆောင်ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ပညာရေးပိုင်းဆိုင်ရာတွင် သင်ကြားရေးဆရာ၊ ဆရာမများ လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုနှင့် အခြားဒေသဆိုင်ရာလိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းနှင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့်ပတ်သက်၍ အချို့နေရာများတွင် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခဲ့မှုများရှိခဲ့ပြီး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိမှု၊ ကားလမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်းရှိ ကားလမ်းများတွင် သွားလာသည့်ယာဉ်အစီးရေအနည်းအများအလိုက် လမ်းများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆရာ၊ဆရာမများလိုအပ်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဆရာ၊ဆရာမများမွေးထုတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြည့်ဆည်းခန့်အပ်ပေးရန်စီမံဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်မှရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ ဒေသအလိုက်ထွက်ရှိသည့် MSME ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိမှု၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်များကျင်းပ ဆောင်ရွက်ပေးလျက်ရှိမှု၊ အရည်အသွေးပြည့်မီသည့် MSME ကုန်ထုတ်လုပ်မှုများဖြစ်စေရေးအတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုအခြေခံတတ်ကျွမ်းသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိမှု၊ Polytechnic University များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းပြောကြားကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မြို့မိမြို့ဖများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များအားထမ်းဆောင်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်(၂)တို့ ကျင်းပချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာပေးနိုင်ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများအရ နိုင်ငံ့တာဝန်များကို တရားဥပဒေနှင့်အညီထမ်းဆောင်နေရခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဒီမိုကရေစီတွင် မဲမသမာမှုသည် အလွန်အကျည်းတန်အရုပ်ဆိုးသည့်ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အမဲစက်တစ်ခုအဖြစ်ကျန်ရှိနေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုစဉ်ကတာဝန်ရှိသည့်အစိုးရကို မဲစာရင်းများကြီးမားစွာကွဲလွဲနေမှုအား ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန်ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကျင်းပသည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကိုရယူခဲ့ရစဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအချို့ အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အခဲအကျပ်အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ပြင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ထို့ပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင်လှုပ်ခတ်မှုများ စသည့်သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံများအကြားမှ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်
မိမိတို့အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ မိမိတို့အစိုးရတာဝန်မယူမီ ယခင်အစိုးရလက်ထက်ကတည်းက ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဓိကစီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက် တိုးတက်မှုရှိလာခဲ့ကြောင်း၊ ထို့ပြင်နိုင်ငံ့စီးပွားရေးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေမှာ ယခင်အနုတ်လက္ခဏာပြနေရာမှ အပေါင်းလက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း။
မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက် လျော့နည်းလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်နေခြင်းပင်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ယူချိန်ကာလအတွင်း နိုင်ငံတော်မှပေးဆပ်ရန်ကျန်ရှိနေသည့် ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်နေရကြောင်း၊ ကုန်ထုတ်လုပ်မှုများမရှိပါက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် မိမိတို့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးတက်စေလိုပါက အမှန်တကယ်လုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများ များစွာလျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးသည်လည်း တက်လာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများသည် ပြည်တွင်း၌ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်းစားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့်ထုတ်လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့်ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်ဆက်မပြတ် တွက်ချက်နေရန်လိုကြောင်း၊ ဒေသအကျိုးကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြရန်လိုကြောင်း၊ ဒေသတွင်းနေထိုင်ကြသူများစားရေးကို သက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး
ထိုကဲ့သို့ဆောင်ရွက်ပေးနိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေရရှိရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတန်းပညာများရှိမှသာလျင် အတတ်ပညာများကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာများမရှိပါက စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ခက်ခဲကျပ်တည်းနေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးမွေးမြူရေးကို အဓိကထားလုပ်ဆောင်ကြသည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ အများအပြားပေါ်ထွက်လာစေရေး နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းရယ်၊ သီပေါဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ အများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သမ္မာအာဇီဝမကျသည့် နည်းလမ်းများဖြင့် ပိုက်ဆံရှာနေကြခြင်းပင်ဖြစ်ကြောင်း၊ လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း၊ မိမိတို့နေထိုင်သည့်လူမှု ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေကြခြင်းကို ခွင့်ပြုထားကြသည်မှာ အသိပညာအားနည်းခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားဒေသများ၌ ဘာသာစကားအခက်အခဲများရှိသဖြင့် ပညာရေးအားနည်းချက်များဖြစ်ပေါ်စေလျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရကြောင်း၊ မြို့မိမြို့ဖများ၏ တင်ပြချက်များတွင်ပါဝင်သည့် သင်ကြားရေးဆိုင်ရာ ဆရာ၊ဆရာမများလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပညာရေးဝန်ထမ်းလိုအပ်ချက်များဖြစ်ပေါ်နေမှုအား ဖြည့်ဆည်းပေးနိုင်ရေးနှင့်ပတ်သက်၍ စနစ်တကျဖြင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆင့်အလိုက် ပညာရေး ဝန်ထမ်းလိုအပ်ချက်များအား တတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်မှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမိစေရေး မိမိတို့အနေဖြင့် ဦးစွာ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလမ်းညွှန်မှာကြားချက်များအပြင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများအနေဖြင့် ရာဘာလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ လက်ဖက်လုပ်ငန်းနှင့် ဒေသထွက်အိမ်မိုးအုတ်ကြွပ်ပြားလုပ်ငန်းများဖြစ်ကြောင်း၊ ရာဘာစိုက်ပျိုးခြင်းကို အောင်မြင်အောင်ဆောင်ရွက်၍ ရာဘာကိုအခြေခံသည့် ဒေသနှင့် ပြည်တွင်းလိုအပ်ချက် ရာဘာထုတ်ကုန်များထုတ်လုပ်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးဖြစ်စေနိုင်ဖြစ်ကြောင်း၊ ကော်ဖီသီးနှံ၊ လက်ဖက်သီးနှံတို့ကိုလည်း အောင်မြင်အောင်ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသတွင်း ယခင်ကတည်းကရှိပြီးဖြစ်သည့် အိမ်မိုးသည့်အုတ်ကြွပ်များကိုအဆင့်မီထုတ်လုပ်နိုင်ရေး စက်မှုဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ခွင့်အလမ်းများလည်း ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပြီး ဒေသ၏လူမှုစီးပွားဘဝသည်လည်း များစွာပြောင်းလဲတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးနှင့်ဆိုင်သည့်အတွက် ဝိုင်းဝန်းတိုက်တွန်းပြော ကြားသွားကြရန်လိုကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးချင်းတစ်ယောက်ချင်းမဟုတ်ဘဲ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းတူပေါ်တွင် စိတ်တူကိုယ်တူအစုအဖွဲ့ဖြင့် လုပ်ကိုင်မည်ဆိုပါက နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီးမတည်ငွေများ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အချုပ်အားဖြင့်ဆိုရမည်ဆိုပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရပေးထားသည့်ကတိများအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒေသတွင်နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသူများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
